ဗီလာရီးရဲလ်ကို အနိုင်ယူအပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီးနောက် လီဗာပူးလ်တိုက်စစ်မှူးဆာလာက ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ၂၀၁၈ ဗိုလ်လုပွဲရှုံးကြွေးကို ပြန်ဆပ်ချင်တာကြောင့်လို့လည်း ဆာလာက ဖွင့်ဟခဲ့ကာ သူတို့ကိုအနိုင်ယူခဲ့တဲ့ ရီးရဲလ်ကို ပြန်အနိုင်လိုချင်နေတဲ့ ဆန္ဒကို ဖွင့်ဟခဲ့တာပါ။
အဲဒီနှစ်က ရီးရဲလ်က လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဆာလာကတော့ ပွဲချိန်အစောပိုင်းမှာပဲ ရီးရဲလ်နောက်ခံလူရာမို့စ်နဲ့ ဘောလုံးယှဉ်လုရာကနေ ဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရပြီး ကွင်းပြင်ထွက်ချိန်မှာ ငိုကြွေးခဲ့ရပါတယ်။ လီဗာပူးလ်လည်းရှုံး၊ ဆာလာလည်း ပွဲချိန်ပြည့်မကစားခဲ့ရဘဲ နာကျင်ရတဲ့နှစ်တနှစ်ဖြစ်ခဲ့ရပါတယ်။
မနေ့ကပွဲအပြီးမှာတော့ ဆာလာက "ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ချင်ပါတယ်၊ သူတို့က ကျနော်တို့ကို ဗိုလ်လုပွဲတပွဲမှာ အနိုင်ယူခဲ့ပါတယ်၊ ဒါကြောင့် သူတို့နဲ့ ထပ်ပြီးရင်ဆိုင်ချင်တာပါ၊ အုပ်စုအဆင့်မှာ ကျနော်တို့က မယုံကြည်နိုင်စရာ ခြေစွမ်းမျိုး ပြသခဲ့တာပါ။ ဒါကြောင့်လည်း အဲ့ဒီအချိန်တုန်းက ငါတို့တွေ ဒီနှစ် ချန်ပီယံလိဂ်ဆုဖလား ရအောင်ယူမယ်လို့ ပြောခဲ့တာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်ဟာ ဗီလာရီးရဲလ်ကို ပထမအကျော့မှာ ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၂-၀ နဲ့ ဦးဆောင်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက်ပြန်သွင်းကာ ၂-၃ နဲ့ ထပ်မံအနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တာပါ။ ဒီရာသီမှာ ကာရာဘောင်းဖလားဆွတ်ခူးထားပြီး အက်ဖ်ဖလားဗိုလ်လုပွဲကိုလည်းရောက်ရှိထားလို့ သူတို့က တရာသီအတွင်း ဗိုလ်လုပွဲ ၃ ပွဲစလုံး တက်ရောက်နိုင်တဲ့ ပထမဆုံးအင်္ဂလန်ကလပ်လည်းဖြစ်လာခဲ့ပါတယ်။