ဂွါဒီယိုလာတယောက် ပွဲပြီးအင်တာဗျူးမှာ စိတ်သိပ်မကြည်တဲ့ပုံပါပဲ။

မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ ဆောက်သမ်တန်နဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး အင်တာဗျူးကို ထူးထူးဆန်းဆန်း ပြုမူရင်း ဖြေဆိုသွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ မန်စီးတီးတို့ နောက်ကလိုက်ကစားခဲ့ရပြီး လာပေါ့တ်ရဲ့ ချေပဂိုးကြောင့် မန်စီးတီးတို့ အဝေးကွင်းမှာ သရေတမှတ်ရရှိခဲ့တာဖြစ်ပါတယ်။



ဒီသရေပွဲဟာ မန်စီးတီးအတွက်တော့ နိုဝင်ဘာ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံး အမှတ်လျော့ခဲ့တာပါ။ မန်စီးတီးဟာ ဒီကြားကာလတလျှောက်မှာ နိုင်ပွဲတွေဆက်ခဲ့ပြီး ဒီဇင်ဘာ ပွဲကျပ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ချန်ပီယံပြိုင်ဘက် ချဲလ်ဆီးကိုပါ အနိုင်ရရှိခဲ့တဲ့နောက် မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် သေချာသလောက် ဖြစ်သွားပြီလို့ အားလုံးက ယူဆထားပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ မန်စီးတီး အမှတ်လျော့ခဲ့ပြီး ဂွါဒီယိုလာရဲ့ အင်တာဗျူးကလည်း ရယ်ရခက်၊ ငိုရခက်ဖြစ်စေခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျနော်တို့အတွက် ဒီရာသီ စွမ်းဆောင်မှု အကောင်းဆုံး ပွဲတွေထဲက တပွဲဖြစ်နိုင်ပါတယ်” လို့ ပြောလိုက်ချိန်မှာ စကိုင်းစပေါ့က ဒါဗီဆင်က “တကယ်ပြောတာလား၊ အဲ့ဒီလောက် ကောင်းလို့လား။ ခင်ဗျား တကယ်ပဲ ဒီရာသီအတွက် စွမ်းဆောင်ရည် အကောင်းဆုံးပွဲတွေထဲကတပွဲလို့ ထင်နေတာလား” လို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

ဂွါဒီယိုလာကလည်း ဒါဗီဆင်ကို တည့်တည့်ပဲကြည့်ပြီး “ဒါပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒါဗီဆင်က မကျေနပ်သေးဘဲ “ခင်ဗျား ဘာကိုကြည့်ပြီး ဘာတွေသဘောကျနေတာလဲ” လို့ ထပ်မံ မေးခွန်းထုတ်ချိန်မှာတော့ ဂွါဒီယိုလာက “အရာအားလုံးပေါ့ဗျာ” လို့ ဘုတော,တောပြီး ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဂွါဒီယိုလာရဲ့ အင်တာဗျူးကို သဘောကျနေပြီး တကယ်တမ်းမှာလည်း မန်စီးတီးက ပွဲကစားချိန် နောက်ပိုင်းမိနစ်တွေမှာ ဆောက်သမ်တန်ကို ဖိအားပေးကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးမရခဲ့တာကြောင့်သာ အခုလို အမှတ်လျော့ခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က