မလေးရှားနိုင်ငံ ဆာဘားပြည်နယ်ရှိ ရေပေါ်ကျေးရွာတစ်ရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိခင်နဲ့ ၎င်းရဲ့လမ်းလျှောက်တတ်ခါစ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: NST)
သောကြာနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) မနက်ပိုင်းက ဆာဘားပြည်နယ်ရှိ ရေပေါ်ကျေးရွာမီးလောင်မှုမှာ နေအိမ် ၃၀ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းခံရပြီး သေဆုံးနေတဲ့ အသက် ၂၀ နှစ်အရွယ် Afikah Sulaiman အမည်ရှိ အမျိုးသမီးနဲ့ သူမရဲ့ ကလေးနှစ်ဦးဖြစ်တဲ့ အသက်သုံးနှစ်အရွယ် Nurul Katrishah Aiman နဲ့ အသက်တစ်နှစ်အရွယ် Mohd Sharil Aiman တို့ကို ၎င်းတို့နေအိမ်ထဲမှာ မီးသတ်သမားတွေက တွေ့ရှိခဲ့ကြပါတယ်။
ယမန်နေ့ မနက် ၆ နာရီခွဲခန့်က မီလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် မီးသတ်တပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရာ ရေပေါ်ကျေးရွာသို့ အလျင်အမြန် သွားရောက်ခဲ့ကြောင်း ဆာဘားပြည်နယ် မီးသတ်နဲ့ကယ်ဆယ်ရေးဌာန အကြီးအကဲ Kamarulzaman Malik Abdullah က ဆိုပါတယ်။ "နေအိမ် ၃၀ လောက် မီးလောင်ပျက်စီးသွားခဲ့တယ်" လို့ ၎င်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
(Map: Google Maps)
ရေပေါ်ကျေးရွာမှာ မီးလောင်မှုစတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း Kamarulzaman Malik ပြောပါတယ်။ ဆာဘားပြည်နယ်ဟာ ဘော်နီယိုကျွန်းရဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ မလေးရှားနိုင်ငံ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဆာဘားဟာ အခြား မလေးရှားပြည်နယ် ဆာရာဝက်ခ်နဲ့ အနောက်တောင်ပိုင်းမှာလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ ကာလီမန်တန်နယ်မြေနဲ့ တောင်ပိုင်းမှာလည်းကောင်း ကုန်းမြေနယ်နမိတ် ထိစပ်နေကြောင်း သိရပါတယ်။