ညွန့်ပေါင်းအဖွဲ့က အန်ဝါအီဗရာဟမ်ကို နိုင်ငံရဲ့ ရှစ်ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့ပါတယ်။

မလေးရှားမှ နိုင်ငံရေးပါတီညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) က အန်ဝါအီဗရာဟမ်ကို နိုင်ငံရဲ့ ရှစ်ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့ကြောင်း သိရပါတယ်။

အန်ဝါအီဗရာဟမ်ရဲ့ PKR ပါတီက လွှတ်တော်မှာ အမတ် ၃၉ နေရာ ပိုင်ဆိုင်ထားပါတယ်


(PKR ပါတီမှ လွှတ်တော်အမတ်များ) (Photo: Anwar Ibrahim/Facebook)

အန်ဝါအီဗရာဟမ်ရဲ့ Parti Keadilan Rakyat (PKR) ပါတီကလည်း ၎င်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြောင်း မီဒီယာများသို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) ပြောကြားပါတယ်။ Democratic Action Party (DAP) ပါတီနဲ့ Parti Amanah Negara ပါတီတို့ကလည်း အန်ဝါအီဗရာဟမ်ကိုပင် ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံကြမယ်လို့ မျှော်လင့်ရပါတယ်။

မလေးရှားဘုရင် ဝန်ကြီးချုပ်အသစ် ခန့်အပ်ရေးအတွက် လွှတ်တော်အမတ်တွေကို တွေ့ဆုံမေးမြန်းနေပါတယ်

Parti Pribumi Bersatu Malaysia (Bersatu) ပါတီကတော့ ဒေါက်တာမဟာသီယာမိုဟာမက်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံကြောင်း ကြေညာထားပြီး Gabungan Parti Sarawak ပါတီကလည်း မဟာသီယာကိုပင် ထောက်ခံထားပါတယ်။ ထို့အတူ United Malays National Organisation (UMNO) နဲ့ Parti Islam Se-Malaysia ပါတီတို့ကလည်း ဒေါက်တာမဟာသီယာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ထောက်ခံခဲ့ကြပါတယ်။

(အန်ဝါအီဗရာဟမ်နှင့် မဟာသီယာမိုဟာမက်) (Photo: AP)

Malaysian Chinese Association ပါတီကလည်း မဟာသီယာကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်အမတ်နေရာများအရ DAP ပါတီက ၄၂ နေရာ၊ အန်ဝါအီဗရာဟမ်ရဲ့ PKR က ၃၉ နေရာ၊ Bersatu ပါတီက ၂၆ နေရာ၊ Gabungan Parti Sarawak ပါတီက ၁၈ နေရာ၊ UMNO ပါတီက ၂၉ နေရာ၊ Parti Islam Se-Malaysia က ၁၈ နေရာနဲ့ Malaysian Chinese Association ပါတီက ၂ နေရာစီ အသီးသီး ပိုင်ဆိုင်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာမက်က ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီးနောက် မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah က ဝန်ကြီးချုပ်အသစ် ခန့်အပ်ရေးအတွက် လွှတ်တော်အမတ်တွေကို တွေ့ဆုံမေးမြန်းမှု ဆက်လက် လုပ်ဆောင်နေပါတယ်။

(မလေးရှားဘုရင်နှင့် မိဖုရား) (Photo: AFP)

မလေးရှားဘုရင်က ဒေါက်တာမဟာသီယာကို ဝန်ကြီးချုပအသစ် ရွေးချယ်ခန့်အပ်ပြီးချိန်အထိ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူထားစေခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ဆဲ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဒေါက်တာမဟာသီယာဟာ လက်ရှိမှာ အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးအပြင် Bersatu ပါတီရဲ့ သဘာပတိအဖြစ်မှလည်း နုတ်ထွက်ခဲ့ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် ဘယ်ပါတီကိုမျှ အခွင့်အရေး အသာမပေးဘဲ ပါတီစွဲမထားတဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ ကျွန်တော် ကြိုးစားသွားမှာပါ

သို့သော် Bersatu က မဟာသီယာရဲ့ နုတ်ထွက်မှုကို လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ Bersatu ပါတီဟာ အာဏာရညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) မှ နုတ်ထွက်ထားပြီး မလေးရှားနိုင်ငံရေးမှာ ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းထွက်ပေါ်လာနိုင်ခြေ ရှိနေကြောင်းသုံးသပ်ကြပါတယ်။ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်တဲ့ ဒေါက်တာမဟာသီယာက ယနေ့ အစောပိုင်းမှာ မိန့်ခွန်းတစ်ရပ်ပြောခဲ့ပြီး ၎င်းကြောင့် မလေးရှားမှာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်စေခဲ့ခြင်းအတွက် တောင်းပန်ခဲ့ပါတယ်။

(မဟာသီယာမိုဟာမက်) (Photo: Dr. Mahathir bin Mohamad)

"သာမန်လူသားတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အမှားတွေလုပ်မိနိုင်တာ သေချာပါတယ်၊ တစ်ကယ်လို့ ကျွန်တော် နုတ်ထွက်တာက မှားခဲ့တယ်ဆိုရင် ကျွန်တော် တောင်ပန်းပါတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ဘယ်ပါတီကိုမျှ အခွင့်အရေး အသာမပေးဘဲ ပါတီစွဲမထားတဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ ကျွန်တော် ကြိုးစားသွားမှာပါ၊ နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုပဲ ဦးစားပေးမယ့် ပါတီပေါ့" လို့ မဟာသီယာက ဆိုပါတယ်။ ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာမဟာသီယာဟာ ၂၀၁၈ ခုနှစ် မေလ ၉ ရက် မလေးရှားရွေးကောက်ပွဲမှာ အနိုင်ရပြီး တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် မည်သူဖြစ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Source: CNA, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က