မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားများအားလုံး ၎င်းတို့အလုပ်ရှင်တွေက ကုန်ကျစရိတ်ကျခံမှုဖြင့် COVID-19 မဖြစ်မနေ စစ်ဆေးရမယ်လို့ အစိုးရက အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
(Photo: Reuters)
မလေးရှားနိုင်ငံရှိ မည်သည့်ကဏ္ဍမှာမဆို အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားများအားလုံး စည်းမျဥ်းစည်းကမ်းအရ COVID-19 စစ်ဆေးမှုလုပ်ဆောင်ရမယ်လို့ ယမန်နေ့ (မေ ၄ ရက်) က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြီးတန်းဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က ပြောခဲ့ပါတယ်။
(Photo: Bernama)
"ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဟန့်တားဖို့အတွက် အလုပ်အကိုင်ဌာနက ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပိတ်ခဲ့ပါတယ်၊ ကာကယ်တားဆီးရေး စီမံဆောင်ရွက်မှုအဖြစ် အစိုးရအနေနဲ့ ကဏ္ဍအားလုံးမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအားလုံး COVID-19 စစ်ဆေးဖို့ ခွင့်ပြုထားပါတယ်" လို့ ဝန်ကြီး Ismail Sabri Yaakob ပြောပါတယ်။
ယခု အမိန့်ညွှန်ကြားချက်ဟာ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေ အပါအဝင် ကဏ္ဍအားလုံးရှိ နိုင်ငံခြားသား အလုပ်သမားများ အကျုံးဝင်ကြောင်း ဝန်ကြီးကဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုချက်အရ ထိုသို့ စစ်ဆေးမှုတွေကို ကွာလာလမ်ပူနဲ့ ဆီလန်ဂေါမှာ စတင်ဆောင်ရွက်သွားမယ်လို့လည်း CNA သတင်းမှာ ဖော်ပြပါတယ်။
(Photo: Reuters)
ကာကွယ်တားဆီးရေး ဆောင်ရွက်မှုအဖြစ် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရတဲ့ အလုပ်သမားများ အလုပ်လုပ်ကိုင်တဲ့ လုပ်ငန်းခွင်ကို အစိုးရက ပိတ်ပင်သွားမယ်လို့ ဝန်ကြီး Ismail Sabri Yaakob က ဖြည့်စွက် ပြောခဲ့ပါတယ်။ "ဘယ်ကဏ္ဍပဲဖြစ်ဖြစ်၊ ကူးစက်ခံရသူ တစ်ယောက်တွေ့ခဲ့ရင် အဲဒီလုပ်ငန်းခွင်ကို ချက်ချင်း ပိတ်ပင်သွားမှာပါ" လို့ ၎င်းက ပြောပါတယ်။
မလေးရှားမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး မေ ၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၆,၃၅၃ ဦး၊ သေဆုံးသူ ၁၀၅ ဦးနဲ့ ပြန်လည်သက်သာသူ ၄,၄၈၄ ဦးရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdulla က စနေနေ့ (မေ ၂ ရက်) မှာ ပြောကြားခဲ့မှုအရ မလေးရှားမှာ COVID-19 ကူးစက်ခံရသူတွေအနက် ရွှေ့ပြောင်းအလုပ်သမား ၃,၀၀၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။