တစ်ပတ်အတွင်းမှာ (၆)ဦးသေဆုံးခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ အလုပ်လက်မဲ့ဖြစ်ပြီး မလေးရှားမှာ ပိတ်မိနေတဲ့ မြန်မာလုပ်သားတွေဟာ နေထိုင်စားသောက်ရေးတွေမှာအခက်ကြုံတွေ့နေရတာကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုတွေ မြင့်တက်လာပါတယ်။

photo -မလေးရှားနိုင်ငံ ကပုန်းလူမှုရေးအသင်း



ဇွန်လ (၁၃)ရက်နေ့က (၁၈)ရက်နေ့ထိ တစ်ပတ်အတွင်းကို (၆)ဦးသေဆုံးခဲ့ပြီး မေလကုန်ပိုင်းလောက်ကလည်း (၁)ဦးသေဆုံးခဲ့တာကြောင့် စုစုပေါင်း (၇)ဦးထိ အဆုံးစီရင်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အခုရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနယ်စပ်ကနေ မလေးရှားကိုဝင်ရောက်လာတဲ့သူတွေပါ။ မလေးရှားမှာက (၃)လပိုင်းကစပြီး lock down ကာလဖြစ်သွားတော့ အားလုံးက အလုပ်လက်မဲ့တွေဖြစ်ကုန်ကြရော။ အခုထိအလုပ်တွေကပြန်လုပ်လို့မရသေးတော့ အစစအရာရာအားလုံးနေထိုင်စားသောက်ရေးတွေအဆင်မပြေကြတော့ဘူး။ သူတို့အဆင်မပြေသလို မြန်မာဘက်ကကျန်ခဲ့တဲ့မိသားစုကိုလည်း ပြန်မထောက်ပံ့နိုင်တော့ တစ်ဖက်ကျန်ခဲ့တဲ့မိသားစုတွေလည်းအဆင်မပြေကြတော့ စိတ်ဖိစီးမှုတွေများလာပြီး အခုလိုတွေဖြစ်လာကြတာ။ အခုဆို အဆုံးစီရင်သေဆုံးတဲ့သူက (၇)ဦးရှိပြီ”လို့ မလေးရှားနိုင်ငံ ကပုန်းလူမှုရေးအသင်း ဥက္ကဌ ဦးစန်းဝင်းက Duwun ကိုပြောပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေက သောင်းဂဏန်းဝန်းကျင်မှာရှိတယ်လို့သိရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်း မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့သူတွေကို ပြန်လည်ခေါ်ဆောင်ရမှာလည်း အလည်ပတ်ရောက်ရှိနေတုန်းပိတ်မိနေတဲ့သူတွေ၊ ပါမစ်သက်တမ်းကုန်ဆုံးတဲ့သူတွေနဲ့ ဆေးလာကုဖို့ပြန်ဖို့အခက်ဖြစ်နေတဲ့သူတွေသာခေါ်ဆောင်ပေးတာဖြစ်ပြီး အလုပ်သမားတွေကိုပြန်ခေါ်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဦးစန်းဝင်းကပြောပါတယ်။ ပိတ်မိနေတဲ့ လူဦးရေ သောင်းဂဏန်းလောက်ကိုလည်း သံရုံးအနေနဲ့ကလည်းအကူအညီမပေးနိုင်ဘူးလို့သိရပါတယ်။

လက်ရှိမှာ လူမှုရေးအဖွဲ့အစည်းတွေကပဲ မြန်မာလုပ်သားတွေအတွက် တက်နိုင်သလောက်စားဝတ်နေရေးတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ အခက်အခဲဖြစ်နေတဲ့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေအတွက် မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ပူးပေါင်းပြီး အခက်အခဲတွေကိုဖြေရှင်းပေးနိုင်မယ့် အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က