ဧပြီလ ၁ ရက်နေ့က စတင်ပြီး တယ်လီကွန်းအော်ပရေတာ သုံးစွဲသူတွေဟာ နေ့စဉ် အခမဲ့ဒေတာ 1GB အထိ ရမယ်လို့ မလေးရှားဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင် MCMC က ဆိုပါတယ်။
မလေးရှား တယ်လီကွန်းအော်ပရေတာများ ပူးပေါင်းပြီး COVID-19 သက်ရောက်မှုကို ဖြေရှင်းဖို့ ရင်းဂစ် ၁ ဘီလျံ လှူဒါန်းထားတယ်လို့ MCMC ရဲ့ အဆိုကို ကိုးကားပြီး MalayMail သတင်းဌာနက ဖော်ပြထားပါတယ်။ မတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်အရ ဒေသတွင်း တယ်လီကွန်းတွေဟာ ယင်းတို့ရဲ့ သုံးစွဲသူတွေကို နေ့စဉ် ဒေတာ 1GB စီ အခမဲ့ ပေးအပ်သွားမယ်လို့လည်း ပါရှိပါတယ်။
Photo: lowyat
ဧပြီ ၁ ရက်နေ့ကစပြီး နိုင်ငံအတွင်း သွားလာခွင့်ကန့်သတ်အမိန့် MCO ရှိနေသမျှ အခုလို ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရင်းဂစ်သန်း ၆၀၀ တန်တဲ့ ဒီအစီအစဉ်ဟာ စီးပွားရေးအရှိန်မြှင့်တင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း မလေးရှားဝန်ကြီးချုပ် တန်ဆရီ မူဟစ်ဒင်ယာဆင်းက ပြောပါတယ်။.
ဒီကြေညာချက်အရ Celcom ၊ Telenor မှ ရှယ်ယာ ၄၉% ပိုင်ထားတဲ့ Digi ၊ Maxis နဲ့ U Mobile တို့ဟာ prepaid နဲ့ postpaid သုံးစွဲသူတွေကို မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ အသုံးပြုနိုင်မယ့် မြန်နှုန်းမြင့် ဒေတာပမာဏ 1GB အထိ အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်။ တယ်လီကွန်း ၄ ခုဟာ အခမဲ့ဒေတာအပြင် အမျိုးသားကပ်ဘေး ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ရေးစင်တာ CPRC ၊ အမျိုးသားလုပ်ငန်းဖော်ဆောင် စီမံရေးစင်တာနဲ့ ပြည်နယ်ကျန်းမာရေးဌာနများကို အခမဲ့ဖုန်းပြောခွင့်များလည်း ပေးထားပါတယ်။
အခုလို အခမဲ့ဒေတာနဲ့ ဖုန်းခေါ်ဆိုမှုများအပြင် တယ်လီကွန်းတွေဟာ ကွန်ရက်တည်ငြိမ်အားကောင်းဖို့ ၂၀၂၀ ဒုတိယသုံးလပတ်အထိ ရင်းဂစ် သန်း ၄၀၀ အသုံးပြုသွားမယ်လို့လည်း ကတိပြုထားပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုတွေကို ဆေးရုံများ ၊ အစိုးရရုံးဌာနများ ၊ အထောက်အကူပြုအေဂျင်စီနှင့် မီဒီယာဌာနများစတဲ့ အရေးပါတဲ့ နေရာများရဲ့ ကွန်ရက်စနစ် ကောင်းမွန်ရေးမှာ အသုံးချသွားမှာပါ။