မလေးရှားဘုရင့်နန်းတော်မှ ဝန်ထမ်းခုနစ်ဦး COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဘုရင်နဲ့ မိဖုရားတို့ကို သီးခြားခွဲထားပြီး စောင့်ကြည့်နေကြောင်း သိရပါတယ်။
မလေးရှားဘုရင့်နန်းတော် Istana Negara ရဲ့ ယနေ့ (မတ်လ ၂၆ ရက်) ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဝန်းထမ်းခုနစ်ဦးဟာ လက်ရှိ ကွာလမ်လမ်ဆေးရုံမှာ ကုသမှုခံယူနေပြီး အခြေအနေ တည်ငြိမ်မှုရှိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက နန်းတော်ဝန်ထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မူလဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်နေကြောင်း တယ်။
မလေးရှားဘုရင် Abdullah Ri'ayatuddin နဲ့ မိဖုရား Abdullah Ri'ayatuddin တို့ နှစ်ဦးလုံး Istana Negara မှာ ဗိုင်းရပ်စ် စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ်မတွေ့ခဲ့ရဘူးလို့ နန်းတော်မှ တာဝန်ရှိသူ Ahmad Fadil Shamsuddin က ပြောပါတယ်။ "ဗိုင်းရပ်စ်စစ်ဆေးပြီးတော့ ဘုရင်နဲ့မိဖုရားတို့က အခုအခါမှာ ၁၄ ရက် ကိုယ်တိုင် သီးခြားခွဲနေကြပြီး ကျန်းမာရေးစောင့်ကြည့်မှု ခံယူနေကြပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။
(Photo: APF)
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နန်းတော်ဝန်ထမ်းတွေနဲ့ ထိတွေ့မှုရှိခဲ့သူများနဲ့ ဆက်စပ်မှုရှိတဲ့ ဝန်ထမ်းများ အားလုံးကိုလည်း ဗိုင်းရပ်စ်စစ်ဆေးကြရန်နဲ့ ၁၄ ရက်ကြာ သီးခြားခွဲနေထိုင်ပြီး ကျန်းမာရေးစောင့်ကြည့်မှုခံယူရန် ညွှန်ကြားထားကြောင်း မလေးရှားဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မလေးရှားဘုရင်က ဝန်ကြီးချုပ် မူဟီဒင်ယာစင်နဲ့ အစိုးရအဖွဲ့အစည်းအဝေးအကြို အပတ်စဥ် တွေ့ဆုံမှုနဲ့ နောက်ထပ် စီစဥ်ထားတဲ့ တွေ့ဆုံမှုအားလုံးကိုလည်း ဗိုင်းရပ်စ်ကူးစက်မှု ပြီးဆုံးချိန်အထိ ဖျက်သိမ်း ရွှေ့ဆိုင်ထားမယ်လို့ နန်းတော်က ထုတ်ပြန်ပါတယ်။ မတ်လ ၂၆ ရက် နေ့လယ်ပိုင်းအထိ မလေးရှားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၇၉၆ ဦး စစ်ဆေးတွေ့ရှိထားပြီး ၂၁ ဦး သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၉၉ ဦး ရှိခဲ့ပါတယ်။
မလေးရှားမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် သွားလာလှုပ်ရှားမှု ထိန်းချုပ်ကန့်သတ်ကာလကို နောက်ထပ် သီတင်းနှစ်ပတ်ကြာ တိုးချဲ့လိုက်ပြီး ဧပြီ ၁၄ ရက်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။ မလေးရှားဝန်ကြီးချုပ်က ပြည်သူတွေကို အိမ်မှာပဲနေကြရန် ပန်ကြားထားပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၆ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၄၆၅,၃၄၅ ဦးနဲ့ သေဆုံးသူ ၂၁,၁၂၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြန်လည်သက်သာသွားသူ ၁၁၄,၈၇၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Source: CNA/Bernama