မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာမက် ရာထူးမှနုတ်ထွက်မှုကို မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah က ယနေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) ညပိုင်းမှာ လက်ခံလိုက်ပါတယ်။
(မဟာသီယာနှင့် မလေးရှားဘုရင်) (Photo: AFP)
လက်ရှိ အသက် ၉၄ နှစ်အရွယ် ဒေါက်တာမဟာသီယာ ရာထူးမှနုတ်ထွက်မှုကို လက်ခံလိုက်ပေမဲ့ ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ပြီးချိန်အထိ ၎င်းကို ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် မလေးရှားဘုရင်က ခန့်အပ်လိုက်ကြောင်းလည်း သိရပါတယ်။ "ဒေါက်တာမဟာသီယာက နိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းကို ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ပြီး အစိုးအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ကာလအတွင်း တာဝန်ယူသွားမှာပါ" လို့ မလေးရှားအစိုးရအဖွဲ့ အတွင်းရေးမှူး Mohd Zuki Ali က ပြောပါတယ်။
ယနေ့ အစောပိုင်းမှာ ဒေါက်တာမဟာသီယာရဲ့ နိုင်ငံရေးပါတီ Parti Pribumi Bersatu Malaysia (Bersatu) က အာဏာရညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) မှ နုတ်ထွက်ခဲ့ပြီးနောက် မလေးရှားမှာ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာနိုင်ခြေ မြင့်တက်လာခဲ့ပါတယ်။
(Bersatu ပါတီတည်ထောင်မှု သုံးနှစ်ပြည့်အခမ်းအနား ကျင်းပစဥ်) (Photo: Bernama)
ဒေါက်တာမဟာသီယာက Bersatu ပါတီရဲ့ သဘာပတိရာထူးမှလည်း ယနေ့အစောပိုင်းမှာ နုတ်ထွက်ခဲ့ရာ အာဏာရညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ကို အစားထိုးရန် ညွန့်ပေါင်းအဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေရှိနေကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။
အာဏာရညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) မှာပါဝင်တဲ့ Parti Keadilan Rakyat ပါတီခေါင်းဆောင် အန်ဝါအီဗရာဟမ်က မဟာမိတ်အဖွဲ့ဝင်တွေဟာ ညွန့်ပေါင်းအဖွဲ့ PH ကို ဖြိုခွဲပစ်ရန် သစ္စာဖောက်မှုရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ မလေးရှားနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
(အန်ဝါအီဗရာဟမ်နှင့် ဇနီး လက်ထောက်ဝန်ကြီးချုပ် ဝမ်အဇီဇာ ဝမ်အစ္စမေးလ်) (Photo: AFP)
ဆက်စပ်သတင်းတစ်ရပ်အရ အန်ဝါအီဗရာဟမ်နဲ့ ၎င်းရဲ့ဇနီး လက်ထောက်ဝန်ကြီးချုပ် ဝမ်အဇီဇာ ဝမ်အစ္စမေးလ်တို့ဟာ ညွန့်ပေါင်းအဖွဲ့ကိစ္စအတွက် မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်လိုက်တဲ့ ဒေါက်တာမဟာသီယာဟာ ၂၀၁၈ ခုနှစ် မေလ ၉ ရက် မလေးရှားရွေးကောက်ပွဲမှာ အနိုင်ရပြီး တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့စဥ်က ဒေါက်တာမဟာသီယာဟာ အသက် ၉၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒေါက်တာမဟာသီယာက ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရပါတယ်။