မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာစင်ကို အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ရန် ဒေါက်တာမဟာသီယာမိုဟာမက်ရဲ့ အဆိုတင်သွင်းမှုကို လွှတ်တော်ဥက္ကဌ မိုဟမ်မက်အာရစ်ဖ် အမ်ဒီယူဆွတ်ဖ်က လက်ခံလိုက်ကြောင်း သိရပါတယ်။
(ဝန်ကြီးချုပ်ယာစင်နှင့် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ) (Photo: Mohd Rasfan/AFP)
ဝန်ကြီးချုပ်ဟောင်း မဟာသီယာက လက်ရှိဝန်ကြီးချုပ်ယာစင်အပေါ် အယုံအကြည်မရှိကြောင်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရန် အဆိုတင်သွင်းမှုကို လက်ခံလိုက်ကြောင်း ဥက္ကဌက ယနေ့ (မေ ၈ ရက်) ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဝန်ကြီးချုပ်ယာစင်ကို မလေးရှားလွှတ်တော်အမတ် အများစုက အယုံအကြည်မရှိကြောင်း မဟာသီယာရဲ့ အဆိုတင်သွင်းမှုမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
(မလေးရှားလွှတ်တော်မြင်ကွင်းတစ်ခု) (Photo: The Asian Affairs)
ထို့အတူ ဒေါက်တာမဟာသီယာကို လွှတ်တော်က အယုံအကြည်ရှိကြောင်း Semporna အမတ်နဲ့ Sabah ပြည်နယ်ဝန်ကြီးချုပ် ရှဖီးအက်ပ်ဒဲလ်ရဲ့ အဆိုပြုချက်ကို လွှတ်တော်မှာ ဆွေးနွေးမှာမဟုတ်ကြောင်း ဥက္ကဌ မိုဟမ်မက်အာရစ်ဖ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ မလေးရှားလွှတ်တော်အစည်းအဝေးကို လာမယ့် မေ ၁၈ ရက်နေ့မှာ တစ်ရက်ကြာ ကျင်းပပြုလုပ်ရန် စီစဥ်ထားပါတယ်။
အစည်းအဝေးကို မူလက မတ်လ ၉ ရက်မှ ဧပြီ ၁၆ ရက်အထိ ကျင်းပပြုလုပ်ရန် လျာထားခဲ့ပေမဲ့ ယာစင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုရှိလာတာကြောင့် မေ ၁၈ ရက်အထိ ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အစီအစဥ်အရ လွှတ်တော်အစည်းအဝေးကို မေ ၁၈ ရက်မှ ဇွန် ၂၃ ရက်အထိ ပြုလုပ်သွားရန်ဖြစ်ပေမဲ့ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ဟန့်တားရေးအတွက် မေ ၁၈ ရက်နေ့ တစ်ရက်တည်းသာ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။