မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် မူဟီဒင်ယာစင်ကို ခန့်အပ်သွားမယ်လို့ ဘုရင့်နန်းတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
(မူဟီဒင်ယာစင်နှင့် ဇနီး) (Photo: Mohd Rasfan/AFP)
ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက် ရုတ်တရက် ရာထူးမှနုတ်ထွက်သွားမှုနဲ့အတူ မလေးရှားမှာ သီတင်းတစ်ပတ်ကြာ အာဏာလွန်ဆွဲမှု ပေါ်ပေါက်နေခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့်သူကို နန်းတော်က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
ဘုရင်နဲ့ လွှတ်တော်အမတ်အားလုံး တွေ့ဆုဲခဲ့ပြီးနောက် လွှတ်တော်ထောက်ခံမှုအများစု ရရှိသူဟာ Pahoh မြို့ လွှတ်တော်အမတ် မူယီဒင်ယာစင်ဖြစ်ကြောင်း Royal Family and Household အုပ်ချုပ်ရေးမှူး အာမက်ဖာဒီလ်ရှမ်ဆူဒင်က ယနေ့ (ဖေဖေါ်ဝါရီ ၂၉ ရက်) ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
(မလေးရှားဘုရင့်နန်းတော်) (Photo: Reuters)
"ဒါကြောင့် ဘုရင်က မစ္စတာယာစင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ Article 40(2)(a) နဲ့ 43(2)(a) တို့အရ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်" လို့ အာမက်က ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ်အသစ် ကျမ်းသစ္စာကျိန်ဆိုမှုကို တနင်္ဂနွေနေ့ (မတ်လ ၁ ရက်) မနက် ၁၀ နာရီခွဲအချိန် ဘုရင့်နန်းတော် Istana Negara မှာ ကျင်းပပြုလုပ်သွားမယ်လို့ ၎င်းကဆိုပါတယ်။ ပြည်သူတွေနဲ့ နိုင်ငံ အဆင်ပြေရန် ဝန်ကြီးချုပ်ခန့်အပ်မှု နှောင့်နှေးလို့မရနိုင်ကြောင်း မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah က ပြောခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah) (Photo: AFP)
"ဘုရင်က ဒါဟာ အားလုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ယုံကြည်ထားပြီး လတ်တလော နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်စေမယ်လို့ မျှော်လင့်ထားပါတယ်" လို့ အာမက်က ဖြည့်စွက်ပြောပါတယ်။ ဘုရင့်နန်းတော်က ထုတ်ပြန်ကြေညာပြီးနောက် ယာစင်က သတင်းထောက်များနဲ့ တွေ့ဆုံခဲ့ရာမှာ "ဘုရင်ရဲ့ သဘောတူညီချက်နဲ့အတူ ၈ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့အတွက် ကျွန်တော် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်၊ အလ္လာ့ကိုကျေးဇူးတင်ပါတယ်" လို့ ယာစင်က ပြောပါတယ်။
(အန်ဝါအီဗရာဟမ်နှင့် ဒေါက်တာမဟာသီယာ) (Photo: AFP)
Parti Pribumi Bersatu Malaysia (Bersatu) ပါတီဥက္ကဌ ယာစင်က ပါတီကို အာဏာရညွှန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) မှ နုတ်ထွက်စေခဲ့ပြီး အစိုးရသစ်ဖွဲ့နိုင်ရန် Barisan Nasional ပါတီ၊ Parti Islam Se-Malaysia နဲ့ အခြားပါတီများနဲ့ ပူးပေါင်းထားခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ် ရာထူးအတွက် အစောပိုင်းမှာ ပါတီတွေက ဒေါက်တာမဟာသီယာနဲ့ အန်ဝါအီဗရာဟမ်တို့ကို အသီးသီး ထောက်ခံအဆိုပြုခဲ့ကြသေးပေမဲ့ နောက်ဆုံးမှာတော့ ဘုရင့်နန်းတော်က ယာစင်ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။