မလေးရှားဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ရန် မတ်လ ၂ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်သွားမယ်လို့ ဒေါက်တာမဟာသီယာမိုဟာမက်က ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
(နန်းတော်အပြင်မှာတွေ့ရသည့် မလေးရှားဘုရင်နှင့် သတင်းထောက်များ) (Photo: AFP)
ဝန်ကြီးချုပ်သစ် ခန့်အပ်ရန်အတွက် ပါတီတွေက ထောက်ခံထားတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြတ်သားတဲ့ ထောက်ခံမှုအများစုကို မရရှိထားတာကြောင့် လွှတ်တော်အစည်းအဝေးဖြင့် ဆုံးဖြတ်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။
COVID-19 ဗိုင်းရပ်စ်ကြောင့် နိုင်ငံရဲ့စီးပွားရေးကို သက်ရောက်ထိခိုက်မှ လျော့နည်းစေရန် ရင်းဂစ် ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ) စီးပွားရေးတွန်းအားပေး ဘတ်ဂျက်ကိစ္စ ကြေညာခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ကြားဖြတ်ဝန်ကြီးချုပ် မဟာသီယာက ထိုသို့ ပြောကြားသွားခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(ဒေါက်တာမဟာသီယာ) (Photo: Reuters)
အကယ်၍ လွှတ်တော် အထူးအစည်းအဝေးမှာလည်း ဝန်ကြီးချုပ်အသစ်ကို ဆုံးဖြတ်ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်တယ်လို့လည်း မဟာသီယာက ဆိုပါတယ်။
"ပြတ်သားတဲ့ အများစုထောက်ခံသူကို မတွေ့နိုင်ခဲ့ဘူလို့ ဘုရင်က ပြောပါတယ်၊ ဒါကို ဆွေးနွေးဖို့သင့်တော်တာက လွှတ်တော်ဖြစ်မယ်လို့ သူက ပြောပါတယ်" လို့ ဒေါက်တာမဟာသီယာက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ ယမန်နေ့ အစောပိုင်းမှာ မလေးရှားဘုရင်က ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဒေါက်တာမဟာသီယာကို ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်းလည်း သိရပါတယ်။
(အန်ဝါအီဗရာဟမ်) (Photo: AFP)
မဟာသီယာက ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးမှ ရုတ်တရက် နုတ်ထွက်ခဲ့ပါတယ်။ ထို့နောက် မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah က ၎င်းကို ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ပြီးချိန်အထိ ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
မလေးရှားဘုရင်က ဝန်ကြီးချုပ်အသစ် ခန့်အပ်ရန်အတွက် လွှတ်တော်အမတ်တွေကို တွေ့ဆုံမေးမြန်းခဲ့သေးပေမဲ့ ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပါတီအသီးသီးမှ လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်အဖြစ် ထောက်ခံထားမှုအရ ဒေါက်တာမဟာသီယာနဲ့ အန်ဝါအီဗရာဟမ်တို့ကြား ပြတ်သားတဲ့ ထောက်ခံမှုအများစု မရရှိထားကြဘူးလို့ ဆိုပါတယ်။ လက်ရှိ အခြေအနေများအရ မလေးရှားနိုင်ငံမှာ ရှစ်ဆက်မြောက် ဝန်ကြီးချုပ်ဟာ မည်သူဖြစ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။