ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ရန် လွှတ်တော် အထူးအစည်းအဝေး ပြုလုပ်သွားမှာမဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
(ကြားဖြတ်ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ) (Photo: Reuters)
ကြားဖြတ်ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာမက်က ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်အစည်းအဝေးပြုလုပ်ပြီး ရွေးချယ်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်အရစ်ဖ်အမ်ဒီယူဆွတ်ဖ်က လာမယ့် တနင်္လာနေ့ (မတ်လ ၂ ရက်) မှာ ထိုကဲ့သို့ အထူးအစည်းအဝေး ကျင်းပပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာမဟာသီယာက အစိုးရအနေနဲ့ လာမယ့် တနင်္လာနေ့မှာ လွှတ်တော် အထူးအစည်းအဝေးပြုလုပ်ရန် သဘောတူထားကြောင်း ဖော်ပြထားတဲ့ ပေးစာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
(လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်အရစ်ဖ်အမ်ဒီယူဆွတ်ဖ်) (Photo: Malay Mail)
"ဒါပေမဲ့ ဒီစာက တည်ဆဲအမိန့် ၁၁ (၃) နဲ့အညီ ထုတ်ပြန်ခဲ့တာမဟုတ်ဘူးလို့ ကျွန်တော် တွေ့ရှိရပါတယ်၊ ဒီစာထဲမှာ အစည်းအဝေးပြုလုပ်ဖို့ အဆိုပြုချက် အပြည့်အစုံ ပူးတွဲဖော်ပြထားခြင်း မရှိပါဘူး" လို့ အမ်ဒီယူဆွတ်ဖ်က ဆိုပါတယ်။ "တည်ဆဲအမိန့် ၁၁ (၃) က အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကျွန်တော်ကသာ အစည်းအဝေးပြုလုပ်ဖို့ စီစဥ်ဖိတ်ကြားနိုင်တာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။
မလေးရှားဘုရင်က တရားဝင် ညွှန်ကြားချက်ထုတ်ပြန်ပြီးမှသာ ဝန်ကြီးချုပ်ခန့်အပ်ရန် လွှတ်တော် အထူးအစည်းအဝေးခေါ်သင့်တယ်လို့လည်း လွှတ်တော်ဥက္ကဋ္ဌက ဖြည့်စွက်ပြောပါတယ်။ "ဒါကြောင့် တနင်္လာနေ့ (မတ်လ ၂ ရက်) မှာ လွှတ်တော် အထူးအစည်းအဝေး မလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်၊ ကျွန်တော် အခြေအနေကို ဆက်လက် စောင့်ကြည့်သွားပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ ထုတ်ပြန်ချက်တစ်ခု ထုတ်သွားမှာပါ" လို့ အမ်ဒီယူဆွတ်ဖ်က ပြောကြားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(မလေးရှားဘုရင် Abdullah Ri’ayatuddin Al-Mustafa Billah Shah) (Photo: Bloomberg)
မလေးရှားဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ရန် ဘုရင်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပေမဲ့ ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသူတွေဟာ ပြတ်သားတဲ့ ထောက်ခံမှုမရရှိထားတာကြောင့် အဆုံးအဖြတ် ပေးနိုင်ခဲ့ပါဘူး။ ထို့နောက် ကြားဖြတ်ဝန်ကြီးချုပ် မဟာသီယာက ဝန်ကြီးချုပ်အသစ်ခန့်အပ်ရန် မတ်လ ၂ ရက်နေ့မှာ လွှတ်တော် အထူးအစည်းအဝေး ကျင်းပပြုလုပ်ပြီး ဆုံးဖြတ်သွားမယ်လို့ ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) က ပြောခဲ့ပါတယ်။
အကယ်၍ လွှတ်တော် အထူးအစည်းအဝေးမှာလည်း ဝန်ကြီးချုပ်အသစ်ကို ဆုံးဖြတ်ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်တယ်လို့လည်း မဟာသီယာက ဆိုပါတယ်။ ယနေ့မှာတော့ လွှတ်တော်ဥက္ကဋ္ဌက အထူးအစည်းအဝေး ကျင်းပပြုလုပ်မှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ရာ မလေးရှားဝန်ကြီးချုပ်အသစ် ခန့်အပ်ရေးလုပ်ငန်းစဥ် မည်သို့ဆက်ဖြစ်မည်ကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။