အကျဥ်းထောင်များမှာ အကျဥ်းသားဦးရေ သတ်မှတ်အရေအတွက်ထက် ပိုများနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေပါတယ်

ယမန်နှစ်မှစပြီး မလေးရှားအကျဥ်းထောင်များအတွင်း အကျဥ်းသားများ၊ အကျဥ်းထောင်ဝန်ထမ်းများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပါအဝင် လူဦးရေ ၅၁,၀၀၀ ကျော် COVID-19 ကူးစက်ခံခဲ့ရကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး အစ္စမေးလ်မိုဟမ်မက်ဆာအိဒ်က ပြောပါတယ်။

မလေးရှားလွှတ်တော်မှာ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) က ဆွေးနွေးမှုအတွင်း အကျဥ်းဦးစီးဌာနရဲ့ စာရင်းတွေအရ ပြစ်ဒဏ်ကျ အကျဥ်းသားများ၊ အကျဥ်းထောင်ဝန်ထမ်းများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များ အပါအဝင် ကူးစက်ခံရသူ ၅၁,၁၂၃ ဦးရှိခဲ့ကြောင်း ပြည်ထဲရေးဒုဝန်ကြီးက ဆိုပါတယ်။ ထိုသို့ ကူးစက်ခံရသူတွေအနက် အကျဥ်းထောင်ထဲမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် ၉ ဦးလည်း ပါဝင်ပါတယ်။



အတိုက်အခံ လွှတ်တော်အမတ် RSN Rayer က အကျဥ်းသားတွေကို COVID-19 ကာကွယ်ဆေးထိုးရန် အစီအစဥ်ရှိ မရှိ မေးမြန်းမှုအပေါ် ပြည်ထဲရေးဒုဝန်ကြီးက ပြန်လည်ဖြေကြား ဆွေးနွေးရာမှာ အကျဥ်းထောင်များအတွင်း ကပ်ရောဂါကူးစက်ခံရသူဦးရေကို ထည့်သွင်းပြောခဲ့တာလည်း ဖြစ်ပါတယ်။

(မလေးရှားအကျဥ်းဦးစီးဌာန) (Photo: Kompleks Ibu Pejabat Penjara Malaysia/Facebook)

အကျဥ်းထောင်ထဲမှာ ကူးစက်မှုကြောင့် တရားရုံးထုတ် ကြားနာစစ်ဆေးမှုကို နှောင့်နှေးစေခြင်းက အကျဥ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအပေါ် သက်ရောက်မှုရှိကြောင်း အတိုက်အခံ လွှတ်တော်အမတ်က ထောက်ပြခဲ့ပါတယ်။ အကျဥ်းသားတွေကိုလည်း COVID-19 ကာကွယ်ဆေးထိုးပေးသင့်ကြောင်း ၎င်းက လွှတ်တော်မှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဒုဝန်ကြီးက ၎င်းရဲ့ဝန်ကြီးဌာနအနေနဲ့ အကျဥ်းထောင်ဝန်ထမ်းတွေနဲ့ အကျဥ်းသားတွေကို ကာကွယ်ဆေးထိုပေးမှာဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

အကျဥ်းထောင်များမှာ အကျဥ်းသားဦးရေ သတ်မှတ်အရေအတွက်ထက် ပိုများနေခြင်းက ပြဿနာတစ်ရပ်ဖြစ်တယ်လို့လည်း ပြည်ထဲရေးဒုဝန်ကြီး အစ္စမေးလ်မိုဟမ်မက်ဆာအိဒ်က ယမန်နေ့ လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

လေးရှားတစ်နိုင်ငံလုံး အကျဥ်းထောင်တွေမှာ လက်ရှိ အကျဥ်းသားဦးရေ ၆၉,၅၀၇ ဦးရှိနေပြီး ထားရှိနိုင်တဲ့ အရေအတွက်ဖြစ်တဲ့ ၆၁,၂၀၀ ဦးထက် ၁၃.၅ ရာခိုင်နှုန်း ပိုများနေတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က