မလေးရှားနိုင်ငံက လာမယ့် ဒီဇင်ဘာလအစောပိုင်းမှာ နိုင်ငံတကာခရီးသွားတွေကို အပြည့်အဝ ပြန်လည်ဝင်ခွင့်ပြုသွားရန် မျှော်မှန်းထားကြောင်း ခရီးသွားလုပ်ငန်း၊ အနုပညာနဲ့ ယဥ်ကျေးမှုဝန်ကြီး Nancy Shukri က ယနေ့ (အောက်တိုဘာ ၂၇ ရက်) ပြောပါတယ်။
နိုင်ငံတကာခရီးသွားလုပ်ငန်းအတွက် တစ်နိုင်ငံလုံးကို မည်သည့်အချိန်မှာ ပြန်ဖွင့်သွားမည့်ကိစ္စ မလေးရှားလွှတ်တော်မှာ မေးခွန်းမေးမြန်းမှုကို ဝန်ကြီးက ဖြေကြားခဲ့ရာမှာ ထိုသို့ ပြောခဲ့တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကို ပြန်မဖွင့်မီ အစိုးရအနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှစပြီး လန်ကာဝီကျွန်းသို့ နိုင်ငံတကာခရီးသွားများ ပြန်ဝင်ခွင့်ပြုခြင်းဖြင့် စမ်းသပ်ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး Nancy Shukri က လွှတ်တော်ကို ပြောပါတယ်။
(လန်ကာဝီကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ) (Photo: @TourismMalaysia / Twitter)
လန်ကာဝီကျွန်းသို့ နိုင်ငံတကာခရီးသွားများ ပြန်လည်လာရောက်ခွင့်ပြုရန် အစိုးရက COVID-19 ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဥ်းများ ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။ လန်ကာဝီကျွန်းကို ပြန်ဖွင့်ပြီး အခြေအနေကို သုံးလကြာ အကဲဖြတ်သွားရန် စီစဥ်ထားကြောင်း၊ သို့သော် အကဲဖြတ်ကာလဟာ သုံးလ ကြာလိမ့်မှာမဟုတ်ကြောင်း ဝန်ကြီးက ပြောပါတယ်။
"ကျွန်မတို့ အဲဒီကာလကထက်စောပြီး ပြန်ဖွင့်နိုင်တယ်လို့ ထင်ပါတယ်၊ ဒါကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ ပြန်ဖွင့်နိုင်မှာပါ၊ နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်း ဒီဇင်ဘာလအစောပိုင်းမှာ ဖြစ်နိုင်ဖွယ်ရှိပါတယ်" လို့ ဝန်ကြီးက သုံးသပ်တင်ပြခဲ့ပါတယ်။ ယခုပြောဆိုမှုဟာ ၎င်းရဲ့ကတိပြုမှု မဟုတ်ကြောင်း၊ သို့သော် ခရီးသွားလုပ်ငန်း ပြန်ဖွင့်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ Nancy Shukri က ဖြည့်စွက်ပြောပါတယ်။ မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေခဲ့စဥ် ပြည်နယ်ဖြတ်ကျော် ပြည်တွင်းခရီးသွားလာမှုတွေကိုပါ ပိတ်ပင်ထားခဲ့ပါတယ်။
(မလေးရှားဝန်ကြီး Nancy Shukri) (Photo: The Star)
ထို့နောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှစပြီး ပြည်တွင်းခရီးသွားလာမှုတွေ ပြန်ဖွင့်ပေးခဲ့ရာ လန်ကာဝီ အပန်းဖြေကျွန်းသို့လည်း ပြည်တွင်းခရီးသွားတွေ ပြန်လည်လာရောက်ခွင့်ပြုခဲ့ပါတယ်။ စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ လန်ကာဝီသို့ ပြည်တွင်းခရီးသွား ၁၀၀,၀၀၀ ကျော် လာရောက်ခဲ့ကြကြောင်း ဝန်ကြီးက ပြောပါတယ်။
တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအချက်အလက်တွေအရ မလေးရှားဟာ အရှေ့တောင်အာရှနိုင်ငံတွေအနက် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ပြီးလျှင် တတိယ ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်ချက်အရ မလေးရှားမှာ COVID-19 ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၆,၁၄၈ ဦး တိုးလာခဲ့ပါတယ်။ မလေးရှားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၄ သန်းကျော်နဲ့ သေဆုံးသူ ၂၈,၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။