ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲမှာတော့ မြန်မာအသင်းဟာ မလေးရှားကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပြီး ဂိုးလည်း များများသွင်းနိုင်ရင် ပိုပြီး အခွင့်အလမ်းကောင်းမှာမို့ မြန်မာအသင်းဟာ ပွဲစကတည်းက မလေးရှားကို ဖိအားပေးကစားခဲ့ပါတယ်။
ဒါကြောင့်လည်း ပွဲအစ ၃ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပါတယ်။ မြန်မာက မလေးရှားကို တဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၇ မိနစ်နဲ့ မိနစ် ၄၀ မှာ နောက်ထပ်ဂိုးတွေရခဲ့လို့ ပထမပိုင်းမှာပဲ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ မလေးရှားကတော့ မြန်မာအသင်းဂိုးပေါက်ကိုတောင် ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါဘူး။
ဒုတိယပိုင်းမှာ မလေးရှားက ချေပဂိုးတဂိုးပြန်သွင်းနိုင်ခဲ့ပမေယ့် မြန်မာကလည်း နောက်ထပ် နှစ်ဂိုးထပ်သွင်းနိုင်ခဲ့လို့ ၅-၁ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မြန်မာအသင်းဟာ အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ တဖက်အုပ်စုမှာ အုပ်စုပထမအဖြစ် ရဖို့ရှိတဲ့ ထိုင်းအမျိုးသမီးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က အုပ်စုပထမနေရာအတွက် ကစားရဖို့ရှိနေပါတယ်။
မြန်မာအတွက်တော့ ထိုင်းက ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာမှာပါ။ ထိုင်းက ၂ပွဲကစားပြီးချိန်မှာတင် သွင်းဂိုး ၁၀ ဂိုးရထားပြီး ပေးဂိုးမရှိပဲ အကောင်းဆုံးခြေစွမ်းပြနေတာပါ။ မြန်မာအုပ်စုမှာတော့ ဗီယက်နမ်၊ မြန်မာ၊ ဗီယက်နမ်တို့ ၆ မှတ်စီ တူညီနေခဲ့ပြီး ဂိုးကွာခြားချက်အရ ဗီယက်နမ်က အုပ်စုပထမ၊ မြန်မာက ဒုတိယနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ပြီး ဖိလစ်ပိုင်ကတော့ တတိယနေရာသာရပြီး အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။
Photo : MFF