ငွေတစ်ထောင်ကျပ်နဲ့လက်ဖက်ရည်တစ်ခွက်ပလာတာနှစ်ချပ်စားလို့ရနိုင်တဲ့ ဈေးသက်သာတဲ့မနက်စာဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီဆိုင်လေးကတော့ အရှေ့ဒဂုံမြို့နယ် တပင်ရွှေထီးလမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ လှည်းကလေးပလာတာဆိုင်လေးပါ။ဆိုင်ရှင်ဖြစ်သူကိုသိန်းဇံဟာ မလေးရှားနိုင်ငံမှာ ၁၀နှစ်နီးပါးနေထိုင်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။မလေးရှားကပလာတာဆိုင်တွေမှာ အလုပ်လုပ်ရင်း မလေးပလာတာလုပ်နည်းကို လေ့လာသင်ယူခဲ့ပြီး မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ‌တော့ သူလေ့လာခဲ့တဲအသက်‌မွေးဝမ်းကြောင်းပညာနဲ့ပလာတာဆိုင်လးဖွင့်လှစ်ရောင်းချနေတာပါ။



"မလေးရှားမှာ ၁၀နှစ်လောက်အလုပ်လုပ်ခဲ့တယ်။ စသွားထဲကစားသောက်ဆိုင်အလုပ်နဲ့သွားတာဆိုတော့ ဟိုမှာအလုပ်လုပ်ရင်း သူတို့ဆီကပညာလည်း ရအောင်ယူတယ်။ပလာတာဆိုင်မှာလုပ်ရင်းနဲ့ သူတို့ ဂျူံစပ်တာလေ့လာတယ်။အဲ့ကနေ နောက်ပိုင်းဆိုင်မှာ ကိုယ့်ကိုမျက်နှာလွှဲရတဲ့အဆင့်ထိရောက်လာတာပေါ့လို့"ကိုသိန်းဇံကပြောပါတယ်။



ဈေးသက်သာတဲ့မနက်စာ ရောင်းပေးချင်တဲ့စေတနာ


မြန်မာနိုင်ငံပြန်ရောက်လာချိန်မှာတော့ ကိုယ်တတ်ကျွမ်းတဲ့မုန့်ပညာနဲ့ ဈေးသက်သာတဲ့ မနက်စာဆိုင်လေးဖွင့်ချင်တဲ့ စိတ်ကူးလေးနဲ့ ဒီဆိုင်လေးကိုဖွင့်ဖြစ်ခဲ့တာလို့ သူကဆိုပါတယ်။


"ဒီကိုပြန်ရောက်တော့ ကျွန်တော်ဝန်ထမ်းလုပ်တာ။မနက်စာစားဖြစ်တဲ့အခါ ဈေးကများတယ်။အရသာက သိပ်သဘောမတွေ့ဘူး ကိုယ်တိုင်ကပလာတာကောင်းကောင်းလုပ်တတ်နေတော့ မိသားစုက ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖို့ အားပေးကြတယ်။အဲ့ကနေမှ ဈေးသက်သာပြီး အရသာရှိရှိလေးစားစေချင်လို့ ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာပါလို့ " ကိုသိန်းဇံကပြောပြပါတယ်။



တာထွက်ကောင်းခဲ့တဲ့ ပလာတာလက်ရာ


စေတနာအရင်းခံနဲ့စခဲ့တဲ့ဆိုင်လေးဟာ ပလာတာလက်ရာကြောင့် စဖွင့်တဲ့နေ့မှာပဲ ရောင်းအားကောင်းခဲ့ပြီး အလုပ်ဆက်လုပ်ဖို့ ခွန်အားတွေရခဲ့တယ်လို့ဆိုပါတယ်။

"စထွက်တုန်းက ဂျူံတစ်ပိသာနဲ့စခဲ့တာ မှတ်မှတ်ရရကတာ့ မနက်၆နာရီစထွက်တာ၇နာရီကြတော့အကုန်ကုန်သွားတယ်ပေါ့ အဲ့တော့ဒီအလုပ်လေးကို ပိုကြိုးစားချင်စိတ်ဖြစ်လာတယ်။ဘာပဲဖြစ်ဖြစ် ကိုယ့်မုန့်လေးကို အား‌ပေးကြတော့ပျော်တယ်။"လို့ ကိုသိန်းဇံကပြောပါတယ်။



အမြတ်နည်းပေမယ့် ဈေးမတက်တဲ့ဆိုင်လေး


ဆိုင်သက်တမ်းနှစ်နီးပါးရှိပြီဖြစ်တဲ့ ကိုသိန်းဇံရဲ့ပလာတာဆိုင်လေးဟာ ဈေးနှုန်းက စဖွင့်ချိန်ကအတိုင်းပဲဖြစ်ပြီး အခုချိန်ထိ ပြောင်းလဲခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်။ဈေးသက်သက်သာသာနဲ့ရောင်းတာကြောင့် အမြတ်နည်းပေမယ့် ဝန်ထမ်းလုပ်တုန်းကထက် မိသားစုကို အချိန်ပေးနိုင်ပြီး ဆိုင်ကရတဲ့ဝင်ငွေနဲ့ အဆင်ပြေပြေရပ်တည်နိုင်လို့ ဒီအလုပ်ပေါ်မှာ ကျေနပါပီတိဖြစ်တယ်လို့လည်း ကိုသိန်းဇံကပြောပါတယ်။


ဈေးနှုန်းနဲ့အရသာကြောင့် နာမည်ကျော်တဲ့ပလာတာ


ဈေးသက်သာပေမယ့် ပလာတာရဲ့ ဂျူံသားနူးညံ့မှု‌ကြောင့် ကိုသိန်းဇံရဲ့ပလာတာဟာ အရှေ့ဒဂုံတဝိုက်မှာတင်မဟုတ် တခြားမြို့နယ်က စားသုံးသူ တွေကပါ နှစ်သက်စွာ လာရောက်အားပေးကြတာကိုလည်းတွ့ရပါတယ်။ဆိုင်ဖွင့်ချိန်လေးနာရီလောက်အတွင်း စားသုံးသူပါးသွားတယ်လို့မရှိဘဲ လက်မလည်အောင်ရောင်းအားကောင်းတဲ့ ပလာတာဆိုင်လေးပါ။ မလေးရှားဂျူံစပ်နည်းအတိုင်းလုပ်ထားတဲ့ ပလာတာမို့ မလေးရှားပလာတာအရသာကို အပြည့်အဝခံစားရစေမယ့် ဆိုင်လေးလို့ဆိုနိုင်ပါတယ်။




စားဖွယ်စုံဈေးနှုန်းလးက


လှည်းကလေး ပလာတာဆိုင်လေးမှာတော့ သကြားပလာတာနှစ်ချပ်-၅၀၀ကျပ်၊ပဲပလာတာတစ်ချပ်-၄၀၀ကျပ်၊ပဲဟင်းပလာတာ၊ကြက်ဥပလာတာတစ်ချပ်၊ကြက်ဥတိုရှည်-၇၀၀ကျပ်၊ရိုးရိုးတိုရှည်၃ချပ်-၁၀၀၀နဲ့လက်ဖက်ရည်နှပ်ဖျော် ဆိုင်သာက်၃၀၀၊ပါဆယ်၅၀၀ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးကတော့ အရှေ့ဒဂုံ၊တပင်ရွှေထီးလမ်းမ၊ဗိုလ်မင်းခေါင်မှတ်တိုင်အနီးမှာဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်က မနက်၆နာရီက နေ၁၀နာရီအထိဖြစ်ပါတယ်။ပိုက်ဆံတစ်ထောင်ကျပ်နဲ့ မနက်စာကို ဗိုက်ပြည့်အရသာရှိရှိစားနိုင်တဲ့ဆိုင်လေးမို့ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က