မောင်းသူအပါအဝင် လူ(၂၅)ဦးသယ်ဆောင်လာတဲ့ စက်လှေက အင်ဂျင်တပ် စက်လှေအသေးစားဖြစ်ပြီး ဝိတ်မနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇေယျာအောင်ကပြောပါတယ်။
photo- မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ချင်းလျားအနောက်ကျေးရွာ၊ ဆားတောင်ဆည် အနောက်ဘက်ကမ်းရှိ ဗောဓိသစ္စာရေလယ်ဘုန်းကြီးကျောင်းကို အလှူသွားလုပ်တဲ့ စက်လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးနေတဲ့ လူ(၆)ဦးအနက် (၅)ဦးကို ဇူလိုင်လ(၂၄)ရက်နေ့ ညနေပိုင်းကပြန်တွေ့ပြီလို့ မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇေယျာအောင်က ပြောပါတယ်။
“ဖြစ်တာက မနေ့က မနက်ပိုင်းက ဖြစ်တာ။စက်လှေပေါ်မှာက စက်လှေမောင်းတဲ့သူအပါအဝင် (၂၅)ဦးပါတယ်။ ကျွန်တော်တို့ကယ်ဆယ်ရေးသွားလုပ်တော့ အသက်ရှင်လျှက်က ကျား(၈)ဦး မ(၃)ဦးပြန်တွေ့တယ်။ သေဆုံးလျှက်က ကျား(၁)ဦး၊ မ(၇)ဦးနဲ့ ပျောက်ဆုံးလျှက်က ကျား(၄)ဦး၊ မ(၂)ဦးပျောက်ဆုံးနေတာ။ မနေ့က ညနေ(၆)နာရီလောက်ထိပျောက်ဆုံးနေတဲ့ သူတွေကို ရှာဖွေရေး လုပ်ငန်းဆောင်ရွက်ခဲ့တာ (၅)ဦးပြန်တွေ့ပြီ။ ကျား (၁)ဦးပဲကျန်တော့တယ်။ ဒီနေ့ထိရှာဖွေရေးဆောင်ရွက်နေဆဲပါ။ စက်လှေက သမ္ဗာန်ငှက်ပုံစံကို အင်ဂျင်တပ်ထားတဲ့ စက်လှေအသေးလေး။ အကြီးကြီးမဟုတ်ဘူး။ ဝိတ်မနိုင်ဘဲ ဝန်များပြီးမှောက်တာ “ လို့ ဇူလိုင်လ(၂၅)ရက် နံနက်(၁၀း၃၀) အချိန်လောက်မှာ မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇေယျာအောင်က Duwun ကိုပြောပါတယ်။
photo- မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာန
သေဆုံးသူအများစုက မြစ်သားမြို့နယ်က ဖြစ်ကြပြီး ဘုန်းကြီးကျောင်းကို အလှူလုပ်ရင်းအသွားမှာ ဖြစ်တာလို့ ဦးဇေယျာအောင်ကပြောပါတယ်။ စက်လှေမောင်းတဲ့သူက အသက်(၁၈)နှစ်အရွယ် ကိုကျော်ဝင်းလှိုင်ဖြစ်ပြီး သူက အသက်ရှင်လျှက်ကျန်ရှိတဲ့သူထဲမှာ ပါပါတယ်။ လက်ရှိမှာတော့ စက်လှေမောင်းတဲ့သူကို ပုဒ်မ (၂၈၀)၊ ၃၀၄(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။