ပြီးခဲ့တဲ့ရာသီတုန်းက ပေါင်သန်း ၆၀၀ ဖိုးသုံးစွဲပြီး ကစားသမားသစ်တွေ ဝယ်ခဲ့တဲ့ ချယ်လ်ဆီးက အခုလာမယ့်ရာသီသစ်အတွက်တော့ အသင်းလူစာရင်းကို လျှော့ချမှုတွေ လုပ်နေခဲ့ပါပြီ။ ဆော်ဒီကလပ်တွေက ဥရောပကစားသမားတွေကို အဝယ်လိုက်နေတဲ့အချိန်မှာပဲ ချယ်လ်ဆီးက သူတို့အတွက် ပိုလျှံတယ်လို့ ယူဆရတဲ့ ကစားသမားတွေကို ဆက်တိုက်ဆိုသလို ရောင်းထုတ်နေခဲ့တာပါ။
နည်းပြသစ်ပိုချက်တီနိုလက်ထက်မှာ အသွင်သစ်နဲ့ မြင်တွေ့ရဖို့ရှိနေတဲ့ ချယ်လ်ဆီးက အခုအချိန်ထိ ကန်တေ၊ မန်ဒီ၊ ကူလီဘလီနဲ့ ဇီယက်ချ်တို့ကို ဆော်ဒီကလပ်တွေဆီ ရောင်းချဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကန်တေက အယ်လ်အီတီဟတ်၊ ဇီယက်ချ်က အယ်လ်နာဆာ၊ မန်ဒီနဲ့ ကူလီဘလီတို့က အယ်လ်ဟီလယ်ကို အသီးသီးပြောင်းရွှေ့ကြမှာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ပိုချက်တီနိုက သူ့အတွက် မလိုအပ်တဲ့သူတွေကို ပြတ်ပြတ်သားသားရှင်းထုတ်နေသလို အသင်းဘက်ကလည်း ပြီးခဲ့တဲ့ရာသီက ကုန်ကျခဲ့တဲ့ စရိတ်တွေကို ကာမိအောင် ငွေပြန်ရှာနေတယ်လို့ ယူဆထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အသင်း ၂သင်းစာလောက် ကစားသမားတွေရှိနေတဲ့ ချယ်လ်ဆီးတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေခဲ့တယ်ဆိုတာပါပဲ။
ကိုင်ဟာဗက်ဇ်၊ အော်ဘာမီယန်၊ ကိုဗာဆစ်တို့လည်း ထွက်ခွာနိုင်ချေရှိနေကာ ချယ်လ်ဆီးက ပြီးခဲ့တဲ့ရာသီနဲ့ ဘာမှမဆိုင်ဘဲ ကျစ်လစ်ပြီးတောင့်တင်းတဲ့ အသင်းဖြစ်အောင် ပုံဖော်နေတယ်လို့ ခန့်မှန်းရပါတယ်။ ကစားသမားသစ်တွေ အနေနဲ့ အန်ကွန်ကူရောက်ရှိထားပြီး နောက်ထပ် ဘယ်သူတွေရောက်မလာဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေပြီး ပိုချက်တီနို ဘာတွေလုပ်ပြနိုင်မလဲ စောင့်ကြည့်ရတော့မှာပါ။