ရန်ကုန် ကနေ ပြည်ကိုမောင်းနှင်လာတဲ့ (၆)ဘီးကုန်တင်ယာဉ်က ဘရိတ်ပေါက်ပြီး စက်ဘီးစီးလာတဲ့ကျောင်းသူ(၃)ဦးကိုနောက်ကဝင်တိုက်တာလို့ မင်းလှမီးသတ်ဌာနမှ ဒုတပ်ကြပ် မျိုးမင်းဘိုက ပြောပါတယ်။
photo- အရိန္ဒမာ
ရန်ကုန်- ပြည်ကားလမ်းမ မင်းလှမြို့အရှေ့ဘက် (၄)မိုင်ခန့်အကွာမှာ ဒီကနေ့ အောက်တိုဘာ(၃)ရက်နေ့ မွန်းလွဲပိုင်းက အ.ထ.က သရက်တပင်ကျောင်းကနေ ပထမနှစ်ဝက်စာမေးပွဲ ဖြေဆိုပြီး ပြန်လာတဲ့ ဆယ်တန်းကျောင်းသူ(၃)ဦးကားတိုက်ခံရကာ အခင်းဖြစ်တဲ့နေရာမှာတင်နှစ်ဦးသေဆုံးခဲ့တယ်လို့ မင်းလှမြို့မီးသတ်ဦးစီးဌာနကနေသိရပါတယ်။
“ဒီနေ့ နေ့လယ်(၁၂)နာရီမိနစ်(၃၀)လောက်ကဖြစ်တာ။ ရန်ကုန်ကနေ ပြည်ကို ယာဉ်မောင်း ဟန်ဝင်းထွန်းမောင်းနှင်လာတဲ့ (၆)ဘီးယာဉ်က ဘရိတ်ပေါက်ပြီးတော့ အ.ထ.က သရက်တပင်ကျောင်းကနေ စာမေးပွဲပြီး ပြန်လာတဲ့ (၁၀)တန်ကျောင်းသူ(၃)ဦးကို နောက်ကဝင်တိုက်တာ။ကျောင်းသူတွေက စက်ဘီးစီးပြီးပြန်လာတာ။ နေရာမှာတင်(၂)ဦးသေဆုံးသွားတယ်။ ကျန်တဲ့တစ်ဦးက မင်းလှဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်” လို့ မင်းလှမီးသတ်ဌာနမှ ဒုတပ်ကြပ် မျိုးမင်းဘိုက Duwun ကိုပြောပါတယ်။
သေဆုံးသွားတဲ့ကျောင်းသူ(၂)ဦးက အသက်(၁၆)နှစ်အရွယ် မအင်းကြင်းမောင်နဲ့ မရွှန်းလဲ့ဖြူတို့ဖြစ်တယ်လို့ ဒုတပ်ကြပ် မျိုးမင်းဘိုကပြောပါတယ်။ ယာဉ်မောင်းကိုတော့ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာတရားဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။