လန်ဒန်မြို့ရဲ့ အကြီးဆုံး ရထားဘူတာရုံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ St Pancras International ဘူတာရုံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ခရမ်းလွန်ရောင်ခြည်အလင်းတန်းနဲ့ သတ်ပစ်နိုင်တဲ့ စက်ရုံများ ဖြန့်ကျက်ချထားပြီး ခရီးသွားအချက်အချာ နေရာတွေမှာ ဘေးအန္တရာယ်ကင်းကြောင်း ခရီးသွားတွေရဲ့ ယုံကြည်မှုပြန်ရစေရန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
COVID-19 ဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဖြစ်နိုင်လျှင် အိမ်ကနေ အလုပ်လုပ်ကြရန် စက်တင်ဘာ ၂၂ ရက်မှာ ပြည်သူတွေကို ပြောခဲ့ပြီး ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို အချိန်စောပိတ်ရန် ညွှန်ကြားလိုက်ပါတယ်။ ဗြိတိန်အစိုးရရဲ့ အဆိုပါ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ရထားဘူတာရုံတွေအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။
ဗြိတိန်မှာ ကိုဗစ်ဒုတိယလှိုင်းထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်များ ၆ လကြာမြင့်နိုင်
Office of Rail and Road (ORR) မှ လတ်တလော ရရှိထားတဲ့ တစ်နှစ်စာ အချက်အလက်တွေအရ St Pancras International ဘူတာရုံဟာ ၂၀၁၉ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း ခရီးသည် အဝင်အထွက် ၃၄.၆ သန်းရှိခဲ့ပြီး ဗြိတိန်မှာ နဝမမြောက် ခရီးသည် အဝင်အထွက်အများဆုံး ဘူတာရုံဖြစ်ကြောင်း သိရပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ရထားစီး ခရီးသည်အရေအတွက် သိသာစွာ ကျဆင်းသွားခဲ့တယ်လို့ ORR က ပြောပါတယ်။
(Photo: Reuters)
"ကျွန်တော်တို့အတွက် အဓိကအချက်က ရထားစီး ခရီးသည်တွေရဲ့ ယုံကြည်မှုရဖို့ပါ၊ ကျွန်တော်တို့က ဒီနည်းပညာကို အသုံးပြုတဲ့ ပထမဆုံး ရထားဘူတာရုံ ဖြစ်ပါတယ်၊ လူတွေ ရထားဘူတာရုံတစ်ရုံကို ယုံယုံကြည်ကြည်နဲ့ အသုံးပြုစေချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ လက်လီအရောင်းဆိုင်တွေကိုလည်း ယုံယုံကြည်ကြည်နဲ့ အသုံးပြုစေချင်ပါတယ်၊ ပြီးတော့ ပုံမှန်အခြေအနေကို တဖြည်းဖြည်း ပြန်ရောက်စေချင်ပါတယ်" လို့ High Speed One Channel Tunnel Rail Link ရဲ့ Stations Engineering and Operations အကြီးအကဲ ဂျေးနယူတန်က Reuters သတင်းဌာနကို ပြောပါတယ်။
(Photo: Reuters)
ဘူတာရုံမှာ ဖြန့်ကျချထားတဲ့ စက်ရုံတွေက ခရမ်းလွန်ရောင်ခြည်အလင်းတန်းသုံးပြီး ကြီးမားကျယ်ဝန်းတဲ့ ဧရိယာတွေကို ဓာတုဗေဒပိုးသတ်ဆေး မလိုအပ်ဘဲ ပိုးသတ်ပေးကြောင်း သိရပါတယ်။ ယခု စက်ရုပ်နည်းပညာက ပတ်ဝန်းကျင်လေထုအတွင်းနဲ့ မျက်နှာပြင်တွေပေါ်ရှိ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) အပါအဝင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို မိနစ်ပိုင်းအတွင်း ၁၀၀ ရာခိုင်နှုန်းနီးပါး သတ်ပစ်နိုင်တယ်လို့ ဆိုပါတယ်။
St Pancras International ဟာ လန်ဒန်မြို့နဲ့ ပါရီ၊ ဘရပ်ဆဲလ်နဲ့ အမ်စတာဒမ် မြို့များကြား ဆက်သွယ်ပြေးဆွဲနေတဲ့ Eurostar ရထားဝန်ဆောင်မှုရဲ့ ခရီးလမ်းဆုံးဘူတာရုံ ဖြစ်ပါတယ်။ ထို့အတူ London Underground ရထားခရီးစဥ်ခြောက်ခုကိုလည်း အနီးအနားရှိ King's Cross ဘူတာရုံနဲ့အတူ ဝန်ဆောင်မှုပေးနေကြောင်း သိရပါတယ်။
ဗြိတိန်မှာ ကိုယ်တိုင်သီးခြားခွဲနေရမယ့် ကိုဗစ်စည်းမျဥ်း မလိုက်နာပါက ပေါင် ၁၀,၀၀၀ ဒဏ်ရိုက်မည်