Twitter လူမှုကွန်ရက်ကုမ္ပဏီဟာ အိန္ဒိယအစိုးရကို ဘန်ဂလောမြို့ ကာနာတာကာတရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။
နိုင်ငံအတွင်းမှာ Twitter Content တွေကို ဆင်ဆာဖြတ်ခိုင်းတဲ့ ကိစ္စကို Twitter ဘက်က ဥပဒေအရ ပြန်စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ တရားစွဲချက်ထဲမှာ အိန္ဒိယအစိုးရဟာ Twitter ပလက်ဖောင်းပေါ်က Tweets အများအပြားကို မလျော်ဩဇာသုံးပြီး ဖယ်ရှားခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Twitter ရဲ့ အဆိုအရ ကုမ္ပဏီဟာ တနင်္လာနေ့အထိ ဒါဇင်နဲ့ချီတဲ့ အကောင့်တွေ နဲ့ ပို့စ်တွေကို ဘလော့ရပြီး တရားစွဲခံရနိုင်တဲ့ အခြေအနေနဲ့ ကြုံနေတယ်လို့ ဆိုပါတယ်။
Photo: middleeasteye
"တချို့ ဘလော့ဖို့ ညွှန်ကြားလာတဲ့ အမိန့်တွေဟာ နိုင်ငံရေးပါတီတွေရဲ့ တရားဝင်နာမည်နဲ့ တင်ထားတဲ့ နိုင်ငံရေးအကြောင်းအရာတွေ ဖြစ်နေပါတယ်။ ဒီလို သတင်းအချက်အလက်တွေကို ပိတ်ချတာဟာ ကျွန်တော်တို့ ပလက်ဖောင်းရဲ့ နိုင်ငံသား အသုံးပြုသူတွေကို အာမခံထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။ ဒါတင်မဟုတ်ပါဘူး ဒီလို Content က Section 69A အရ စွဲဆိုစရာ နီးစပ်မှုတောင် မရှိတာတွေ ဖြစ်နေပါတယ်။" လို့ ကုမ္ပဏီက တရားစွဲချက်မှာ ပြောထားပါတယ်။
ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက နိုင်ငံရဲ့ IT ဥပဒေတွေနဲ့အညီ လိုက်နာကြောင်း အိန္ဒိယအစိုးရကို ပြောကြားခဲ့ပါတယ်။ ဥပဒေအတိုင်း Twitter ဟာ ဒေသအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်ဆံဖို့ ပြည်တွင်းက ဥပဒေရေးရာ တာဝန်ခံအရာရှိတစ်ဦး ခန့်အပ်ထားတာပါ။ ဒီလို မခန့်အပ်ခင် ၂၀၂၁ ဖေဖော်ဝါရီလက Twitter ပေါ်က လယ်သမားတွေရဲ့ ဆန္ဒပြပွဲနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ကုမ္ပဏီဘက်က ဖယ်ရှားခြင်း မရှိရင် Twitter ဝန်ထမ်းတွေကို ထောင်ချပစ်မယ်လို့ အိန္ဒိယအစိုးရက ခြိမ်းခြောက်ခဲ့ပါတယ်။
Photo : voanews
နောက် ၂ လလောက်အကြာမှာ COVID-19 ကပ်ဘေးကို အစိုးရတုံ့ပြန်ချက်အပေါ် ဝေဖန်ထားတဲ့ Tweets တွေ ဖဘ်ရှားဖို့ အစိုးရအာဏာပိုင်တွေဟာ Twitter ကို ညွှန်ကြားခဲ့ပါတယ်။ မကြာသေးခင်ကလည်း အိန္ဒိယမှာ သတင်းစာလွတ်လပ်ခွင့်ကျဆင်းလာကြောင်း ပြောကြားခဲ့တဲ့ Freedom House ရဲ့ Tweets တွေကို ဘလော့ခ်ဖို့ အစိုးရအဖွဲ့ဟာ Twitter ကို အမိန့်ပေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ အမိန့်အတိုင်း လုပ်နေရပေမယ့် ဥပဒေအရ အကာအကွယ်ပေးမှုလည်း ရှာဖွေနေတယ်လို့ ပြောပါတယ်။ Sensor Tower ရဲ့ အချက်အလက်တွေအရ Twitter app ကို အိန္ဒိယမှာ လစဉ်အသုံးပြုနေသူ ၄၈ သန်းခန့် ရှိနေတယ်လို့လည်း သိရပါတယ်။