Love Equation ရုပ်ရှင်ဇာတ်ကားကို မိုးဟေကို ၊ဖွေးဖွေး၊ဒေါင်း၊ခါရာတို့နဲ့ ရိုက်ကူးဖို့ စီစဉ်ထားရာမှ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့တာပါ။
ပရိသတ်တွေ အသည်းတယားယားဖြစ်စေမယ့် အချစ်ဇာတ်ကားဆန်းဆန်းလေးကိုတော့ ဒါရိုက်တာအောင်မြတ်က ရိုက်ကူးပုံဖော်သွားမှာပါ။ ဒီဇာတ်ကားကို အရင်က ဖွေးဖွေး၊မိုးဟေကို နဲ့ ရိုက်ကူးဖို့ ကြေညာထားခဲ့ရာ တကယ်တမ်း ရိုက်ကူးချိန်မှာတော့ မိုုးဟေကိုနေရာမှာ သက်မွန်မြင့် ပြောင်းသွားခဲ့ပါတယ်။ မိုးဟေကိုနဲ့ ရိုက်ကူးဖို့အတွက် အားလုံး တိုင်ပင်ပြီးကာမှ မိုးဟေကိုဘက်က အကြောင်းကြောင်းကြောင့် မရိုက်ကူးဖြစ်ခဲ့တာလို့ သိရပါတယ်။
“အစ်ကိုတို့ဘက်က ဒီဇာတ်ကို ကြိုက်တယ်။ ကြိုက်တဲ့ အခါမှာဇာတ်ထဲမှာ ရှိတဲ့ ကာရိုက်တာတွေအတွက် မြင်တဲ့ မင်းသမီးတွေကို ရွေးချယ်တဲ့အခါမှာ မိုးဟေကိုနဲ့ ဖွေးဖွေးကို ကမ်းလှမ်းတယ်။ မမိုးနဲ့ အဆင်ပြေမယ်ထင်လို့ မမိုးကို ကမ်းလှမ်းခဲ့တယ်။မမိုးနဲ့ အားလုံးတိုင်ပင်ပြီးသဘောတူညီမှု တော်တော်ရပြီးကာမှ မမိုးဘက်က အဆင်မပြေဘူးမရိုက်ဖြစ်ဘူးဆိုတော့ အစ်ကိုတို့ ဒီကာရိုက်တာအတွက် မင်းသမီးထပ်ရွေးတဲ့ နေရာမှာ မြင်တဲ့ မင်းသမီးက မသက်မွန်ဖြစ်တယ်။ဒါကြောင့် သက်မွန်ကို ရွေးချယ်ဖြစ်ခဲ့တာပါ” လို့ Golden Hours ထုတ်လုပ်ရေးမှ ကိုကောင်းကျော်က Duwun ကိုပြောပါတယ်။
Photo : Amazing Grace
ဒါကြောင့် “Love Equation “ ရုပ်ရှင်ဇာတ်ကားကို အဓိက မင်းသမီးတွေအဖြစ် သက်မွန်မြင့်၊ ဖွေးဖွေးတို့နဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အချစ်ဇာတ်ကားဆန်းဆန်းလေး ဖြစ်တဲ့ ဒီကားကို လက်ခံဖြစ်ခဲ့တဲ့ သက်မွန်မြင့်အနေနဲ့ကလည်း“ကားလေးက ချစ်စရာလေး။ သက်မွန်ကလည်း ကာရိုက်တာ လေး တစ်ခုဖြစ်နေတာပေ့ါနော်။ production နဲ့ကလည်း တောက်လျှောက်လွဲနေတော့ ဒီကားကို ရိုက်ကူးဖို့ လက်ခံလိုက်တာ။ ပြီးတော့ ဒါရိုက်တာကလည်း ကိုအောင်မြတ်ဆိုတော့ သူနဲ့ကလည်း ကြော်ငြာမှာပဲ ဆုံ ဖူးတာလေ၊ ပြီးတော့ အချစ်ကားလေးလည်း ဖြစ်တော့ စိတ်ဝင်စားတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အားကောင်းမောင်းသန်တွေဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ပြီးတော့ ကားလေးကလည်း ချစ်စရာလေး။ ဒါကြောင့် လက်ခံဖြစ်တာ” လို့ သူမက ပြောပါတယ်။
Photo : ဖွေးဖွေး
ဒီကားထဲမှာ နောက်ထပ်ပါဝင်မယ့် မင်းသမီးတစ်ဦးကတော့ ဖွေးဖွေးပါ။ မိုးသံစဉ်ဆိုတဲ့ ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်မယ့်ဖွေးဖွေးကတော့ အားလုံးကို ယုံကြည်လို့ ဒီအချစ်ဇာတ်ကားလေးကို လက်ခံဖြစ်လိုက်တာလို့ ဆိုပါတယ်။ သက်မွန်မြင့်နဲ့လည်း “မာယာပရောဂျက်” ရုပ်ရှင်ဇာတ်ကား ပြီးကတည်းက မဆုံဖြစ်ခဲ့တာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ပြန်ဆုံတဲ့အတွက်လည်း ဝမ်းသာတယ်လို့ သူက ပြောပါတယ်။
“ဒီကားလေးကို လက်ခံလိုက်တာ။ ကျန်းမာရေးအရ ခဏနားနေတုန်းမှာ အရမ်းအကြမ်း ပတမ်းကားတွေလည်း ဆရာဝန်က ပြန်မရိုက်ရသေးဘူးဆိုတော့ Romance လေးတော့အရမ်းရိုက်ချင်တယ်ဆိုပြီးတွေးနေတုန်းရှိသေး Golden Hour ကနေ ဖွေးကို လာကမ်းလှမ်းတော့ ရိုက်ဖြစ်တာ။ ဒေါင်းနဲ့လည်း တစ်ခါမှ မဆုံဖူးဘူး။ မသက်မွန်နဲ့လည်း မဆုံရတာ တော်တော်ကြာပြီ မာယာပရော်ဂျက်ပြီးကတည်းက မဆုံတာ ပြီးတော့ ကိုအောင်မြတ်ကလည်း လူငယ်ဒါရိုက်တာ ဖြစ်တဲ့အတွက် အားလုံးကို ယုံကြည်လို့ လက်ခံဖြစ်တာပါ” လို့ ဖွေးဖွေးက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။
“Love Equation” ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ဒေါင်းနဲ့ ခါရာတို့ဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသားတွေပါ။ သရုပ်ဆောင်ဒေါင်းကိုတော့ တစ်မူထူးခြားတဲ့ ကာရိုက်တာမျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး ခါရာကိုတော့ အရမ်းချစ်တတ်တဲ့ ကောင်လေးတစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ အချစ်ဇာတ်ကားတစ်ကား ဖြစ်တဲ့ “love Equation” ဇာတ်ကားကို အချစ်ကားတွေကို ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ အောင်မြတ်က ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်လို့ ပရိသတ်တွေလည်း စိတ်ဝင်စားလို့နေပါတယ်။ ဒီဇာတ်ကားကိုတော့ အောက်တိုဘာ(၂) ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။