ခိုင်သင်းကြည်ကတော့ မိုးဟေကိုရဲ့ အလှအပတွေကို အရမ်းသဘောကျတယ်လို့ ဆိုပါတယ်။ မိုးဟေကို ကလည်း လူငယ်တစ်ယောက်လို ပွင့်ပွင့်လင်းလင်းရှိလှတဲ့ မခိုင်လေးကို လိုက်လို့တောင် မမီဘူးလို့ ပြောပါတယ်။
ခိုင်သင်းကြည်ကတော့ မိုးဟေကို နဲ့ သူမရဲ့ ရင်းနှီးမှုတွေအကြောင်းပြောပြလာပါတယ်။ မိုးဟေကို ကိုလည်း မရင်းနှီးခင်က မာန ကြီးတယ်လို့ ထင်ခဲ့မိဖူးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ မခိုင်ကျတော့လည်း မိုးကိုမြင်တာက သူက စိတ်ရင်းလေး အရမ်းဖြူစင်တယ်။ အရမ်းလည်းရိုးတယ်။ သူ့ကို မသိခင်တုန်းကဆိုရင် မာနကြီးတယ်လို့ ထင်တယ်။ တကယ်ပေါင်းကြည့်တော့မှ သူကလည်း ကိုယ့်လိုစိတ်ပဲ ဒါပေမယ့် မခိုင်လေးလိုမျိုးသာ သူ မနေတတ်တာ။ မင်းသမီး အငယ်တွေထဲမှာ သူ့ကို တော်တော်ချစ်ပါတယ်။ မိုးကို Parsonal အရပြောရရင် သူ့ရဲ့ အလှက မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အလှ၊ သူ့မျက်နှာလေးကိုလည်း အရမ်းကြိုက်တယ်။ ခန္ဓာကိုယ်ကြည့်မလား၊ အသားအရေ ကြည့်မလား အကုန်လုံးလှတယ်’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် မိုးဟေကိုကလည်း အရမ်းကို ထက်မြတ်လွန်း၊ သွက်လွန်းတဲ့ မခိုင်လေး အကြောင်းတွေ ပြောပြလာပါတယ်။ လူငယ်တစ်ယောက်လို ပေါ့ပါးလွန်းလို့လည်း လိုက်လို့တောင် မမီတော့ဘူးလို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
‘’ အစ်မက ပွင့်လင်းတယ်၊ စတယ်ဆိုရင်လည်း အဲဒီ စတာလေးကိုပဲ သူက အထာမကောက်တတ်ဘူး။ တကယ်ကို ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ လူငယ်တွေလိုပဲ။ မာန်မာန မရှိတာလေးက ပိုပြီးတော့ ချစ်ဖို့ကောင်းတယ်။ ကိုယ့်အစ်မကို မီအောင်လိုက်ရတယ် တစ်ခါတလေကျရင် သူပြောတာကို ကိုယ်က သဘောမပေါက်ဘူး။ ပြန်ရှင်းပြတော့ ဪ အဲဒီလိုလား ဆိုပြီးတော့ ပြန်ပြောရတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က Bella Star Talk ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
ခိုင်သင်းကြည်နဲ့ မိုးဟေကို တို့ နှစ်ယောက်အတူတူတွဲပြီး ဇာတ်ကားတွေရိုက်ခဲ့ဖူးတာ တွေ့ရပါတယ်။ ရိုက်ကွင်းမှာ ဆုံဖြစ်ကြတဲ့ အမှတ်တရတွေကိုလည်း ခိုင်သင်းကြည်က ပြောပြလာပါတယ်။
‘’ အမှန်တကယ်တော့ နှစ်ယောက် စုံလို့ရှိရင် အဓိက ကတော့ စားတာပဲ။ မိုးကလည်း အိမ်ကနေ မုန့်တွေ အမျိုးမျိုးလုပ်လာတယ်၊ မခိုင်လေးကလည်း အိမ်ကနေပြီးတော့ မုန့်တွေလုုပ်လာပြီး အတူတူစားကြတယ်။ ဇာတ်ကားရိုက်နေတဲ့အချိန် ကိုယ်တွေအခန်းမပါသေးဘူးဆိုရင်လည်း ဟော့ပေါ့ဆိုင်မှာ သွားထိုင်ကြသေးတာ’’ လို့ ဆိုပါတယ်။
မိုးဟေကိုနဲ့ ခိုင်သင်းကြည်တို့ဟာ အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုဇာတ်ကားတွေ အတူတွဲပြီးရိုက်ကူးခဲ့ကြဖူးပါတယ်။ ''ပြန်ပေး''ရုပ်ရှင်ဇာတ်ကား၊ ''သူငယ်ချင်းယောက္ခမ ၂'' ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အတူတွဲ သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ခိုင်သင်းကြည်ဟာ၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ မိုးဟေကို ကလည်း အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ထိန်းထားနိုင်တဲ့ မင်းသမီးတစ်ယောက်ပါ။ လက်ရှိမှာလည်း ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း ဦးဆောင်နေတာ တွေ့ရပါတယ်။င