အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လူနေထူထပ်တဲ့နေရာအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ အပေါ့စား လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ယနေ့ (ဇွန်လ ၂၈ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် မြေပြင်မှာရှိနေခဲ့သူလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
"စင်းလုံးငှားလေယာဉ် ပျက်ကျခဲ့ပြီး လူငါးဦး ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်၊ လေယာဉ်မောင်းသူ၊ ခရီးသည်သုံးဦးနဲ့ မြေပြင်မှာရှိနေသူတစ်ဦးတို့ ဖြစ်ပါတယ်" လို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား ဒီးပက်ခ် ဒီယိုရက်ဂျ်က AFP သတင်းဌာနကို ပြောပါတယ်။
မွမ်ဘိုင်းဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲကျော်မှာ ထိုင်ခုံ ၁၂ လုံးပါ လေယာဉ်တစ်စီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ်မှာ လူလေးဦးကိုတွေ့ခဲ့ရကြောင်း မွမ်ဘိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရအမျိုးသား တာနာဂျီကမ်ဘ်လီက ပြောခဲ့ပါတယ်။
အိန္ဒိယ မြို့ပြလေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးအဖွဲ့ (Directorate General of Civil Aviation - DGCA) က ထုတ်ပြန်မှုအရ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် King Air C-90 အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ လေယာဉ်ဟာ မွမ်ဘိုင်းမြို့အနီး ဂျူဟူးလေယာဉ်ကွင်းကနေ ထွက်ခွာလာခဲ့ပြီး စမ်းသပ်ပျံသန်းနေစဉ် ပျက်ကျခဲ့ကြောင်း DGCA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"လေယာဉ်ပေါ်မှာ လေယာဉ်မှူးနှစ်ဦးနဲ့ လေယာဉ်အင်ဂျင်နီယာနှစ်ဦး လိုက်ပါလာခဲ့ပါတယ်၊ လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါလာသူလေးဦးနဲ့ မြေပြင်မှာရှိနေသူတစ်ဦး သေဆုံးခဲ့ပါတယ်" လို့ DGCA ထုတ်ပြန်ချက်က ပြောပါတယ်။
အိန္ဒိယသတင်းဌာနတွေမှာ ဖေ်ာပြခဲ့တဲ့ မြင်ကွင်းတွေအရ လေယာဉ်ပျက်ကျတဲ့နေရာကနေ မီးတောက်နဲ့ မီးခိုးများ ထွက်ရှိနေတာ တွေ့ရပါတယ်။ လေယာဉ်ပျက်ကျတဲ့နေရာဟာ အထပ်မြင့် အဆောက်အအုံအချို့ တည်ရှိရာနေရာရဲ့ ညာဘက်မှာဖြစ်ပါတယ်။
King Air C-90 အမျိုးအစား လေယာဉ်တစ်စီးကို တွေ့ရစဉ်
လေယာဉ်ပျက်ကျစဉ်မှာ မိုးရွာနေခဲ့ခြင်းမရှိဘဲ ရာသီဥတုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်ပုံမရဘူးလို့ ဆိုပါတယ်။ DGCA က လေယာဉ်ပျက်ကျတဲ့နေရာကို ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး စုံစမ်းစစ်ဆေးရန် ဆောင်ရွက်နေပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ထားပြီး အူတာပရာဒက်ရှ် ပြည်နယ်အစိုးရထံမှ ဝယ်ယူထားခဲ့တယ်လို့ ဆိုပါတယ်။