သရုပ်ဆောင်မြင့်မြတ်နဲ့ ကျော်သူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျောမှာဂဠုန် ရင်မှာနဂါး’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ မေလ ၁၆ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။ ဒီဇာတ်ကားဟာ အဖေနဲ့သား မေတ္တာတရားတွေကို ဖော်ကျူးပြသထားတဲ့ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
‘’ကျောမှာ ဂဠုန် ရင်မှာနဂါး’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို မေလ၁၄ ရက်နေ့ ညနေပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ကျော်သူ၊ မြင့်မြတ်နဲ့ မင်းသမီးအသစ် ဝင်းပအိန္ဒြာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင့်မြတ်က မိဘမဲ့ တစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက ဘဝကို ရုန်းကန်ခဲ့ရတဲ့ လူငယ်တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
‘’ငယ်ငယ်ကတည်းက မိဘမဲ့ ဘဝနဲ့ နေလာတာဆိုတော့ မိဘတွေကို စိတ်နာပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ကန်တယ်။ ပတ်ဝန်းကျင်နဲ့ သိပ် သဟဇာတ မဖြစ်ဘူးပေါ့နော်။ အဲဒီလို ဇာတ်မျိုးလေးပါပဲ။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရိုက်ခဲ့တာပေါ့နော်။ မိဘမေတ္တာ ဇာတ်ကားလေးပါ’’လို့ ဆိုပါတယ်။
‘’ကျောမှာ ဂဠုန် ရင်မှာနဂါး’’ရုပ်ရှင်ဇာတ်ကားထဲမှာ ဝင်းပအိန္ဒြာရဲ့ မိခင်နေရာက ပါဝင်သရုပ်ဆောင်ထားတာကတော့ အကယ်ဒမီ စိုးမိုးကြည်ပါ။ ဒါကြောင့် ဒီဇာတ်ကားထဲကနေ ပရိသတ်တွေ သင်ခန်းစာရစေမယ့် အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပြန်ပါတယ်။
‘’ဒီဇာတ်ကားက ကိုမောင်(ကျော်သူ)ရယ်၊ မြင့်မြတ်ရယ် ပါတယ်။ မိဘမေတ္တာဇာတ်လမ်းလေးပေါ့။ အဖေနဲ့ သားနဲ့ မေတ္တာခြင်းပြိုင်တာပေါ့နော်။ ပညာပေးဇာတ်ကားလေးလည်းဖြစ်တယ်။ တရားသဘောနဲ့ ကြည့်ရင်တော့ ကိုယ်မကောင်းတာ လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ နောင်ဘဝမကူးပဲနဲ့ ဒီဘဝမှာတင် သူ ဝဋ်ပြန်လည် ခံစားရတာလေးပေါ့နော်’’ ဆိုပြီးတော့ ‘’ကျောမှာ ဂဠုန် ရင်မှာနဂါး’’ ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ကျောမှာ ဂဠုန် ရင်မှာနဂါး’’ရုပ်ရှင်ဇာတ်ကားကြီးကို ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်သူ၊ မြင့်မြတ်၊ ဝင်းပအိန္ဒြာတို့နဲ့အတူ အခြားအနုပညာရှင်တို့က လည်းပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့က စပြီးရန်ကုန် တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။