အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လူကူးတံတား ကြမ်းခင်းပြိုကျမှုကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး လူဦးရေ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ မွမ်ဘိုင်းမြို့ ဘူတာကြီးအနီးရှိ လူကူးတံတားဟာ ယမန်နေ့ (မတ်လ ၁၄ ရက်) ဒေသစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်မှာ ပြိုကျခဲ့တာဖြစ်ပါတယ်။
(Photo: STR)
ရထားစီးမယ့် ခရီးသည်တွေက လူကူးတံတားပေါ်မှ ဖြတ်သန်းကာ Chhatrapati Shivaji ဘူတာရုံကိုသွားနေကြစဉ် ပြိုကျသွားခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယမီဒီယာတွေရဲ့ ဖော်ပြမှုအရ တံတားပြိုကျမှုအတွင်း လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ တံတားပြိုကျရာနေရမှ ဓာတ်ပုံတွေအရ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းနေပြီး ဒဏ်ရာရသူတွေကို ကုသပေးနေတာ တွေ့ရပါတယ်။
(Photo: Divyakant Solanki)
"တံတားကြမ်းခင်းက ကျွန်တော့်ရှေ့တင် ပြိုကျသွားခဲ့တာ၊ အပျက်အစီးတွေ အများကြီးပဲ" လို့ မျက်မြင်တွေ့ခဲ့ရသူက အိန္ဒိယသတင်းဌာနက NDTV ကို ပြောပါတယ်။ မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် Devendra Fadnavis က လူကူးတံတားပြိုကျမှုကို အဆင့်မြင့်အရာရှိတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားလိုက်ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို နစ်နာကြေး ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
(Photo: NDTV)
ထို့အတူ ဒဏ်ရာရခဲ့သူတွေကိုလည်း နစ်နာကြေးနဲ့ ဆေးကုသစရိတ်တွေ ပေးသွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ပြောပါတယ်။ ပြိုကျခဲ့တဲ့ လူကူးတံတားနဲ့ ဆက်သွယ်ထားတဲ့ မွမ်ဘိုင်းမြို့ Chhatrapati Shivaji ဘူတာရုံဟာ ယူနက်စကို (UNESCO) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုဖြစ်ရပ်ဟာ အိန္ဒိယမြောက်ပိုင်း ဗာရာဏသီမြို့မှာ လူကူးတံတား ပြိုကျမှုဖြစ်ပြီး လူ ၁၈ ဦး သေဆုံးခဲ့မှုဖြစ်ပြီးနောက် တစ်နှစ်မပြည့်မီမှာ ဖြစ်ပွားခဲ့တာပါ။
(Photo: NDTV)
ဗာရာဏသီမှ လူကူးတံတားဟာ တည်ဆောက်နေဆဲဖြစ်ပြီး တံတားအစိတ်အပိုင်းတွေက အောက်ဖက်ရှိ ယာဉ်အသွားအလာအတွက် အသုံးပြုနေတဲ့ လမ်းမပေါ်ကို ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း ကိုလ်ကတ္တားမြို့မှာ တံတားပြိုကျမှု ဖြစ်ပွားခဲ့ဖူးပြီး လူတစ်ဦး သေဆုံးကာ အခြား လူအချို့ ဒဏ်ရရခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။