မေလ ၁၂ ရက်က မန္တလေးလေဆိပ်ကို ဆင်းသက်တဲ့ MNA လေယာဉ် ရှေ့ဘီးထုတ်မရတဲ့ ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးရေးလုပ်ဆောင်မယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ CEO ကပ္ပတိန် ဦးသန်းထွန်းက ပြောပါတယ်။
Photo - MNA
လက်ရှိမှာ လေယာဉ်ထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံမှ Embraer ကုမ္ပဏီနဲ့ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ လေယာဉ်ပြုပြင်တဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေ လာရောက်နေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကာ မကြာခင် တွေ့ရှိချက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကပ္ပတိန် ဦးသန်းထွန်းက ပြောပါတယ်။
“ဒီလေယာဉ်က ဘရာဇီးနိုင်ငံထုတ်ဖြစ်ပါတယ်။ အခုတော့ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီရော၊ ပြုပြင်တဲ့ ကုမ္ပဏီရော ဒီကို ရောက်နေပါပြီ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပါတယ်။ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားတော့မှာပါ” လို့ ကပ္ပတိန် ဦးသန်းထွန်းက ဆိုပါတယ်။
လေယာဉ်ဟာ မတော်တဆမှု မတိုင်ခင်က ဖိလစ်ပိုင်နိုင်ငံမှာ အကြီးမားဆုံးပြင်ဆင်မှု ပြုလုပ်ထားပြီး အခုတော့ လေယာဉ်ပြုပြင်တဲ့ ကုမ္ပဏီတွေ က ပြင်ဆင်မှု အပေါ် မူတည်တာကြောင့် ပြန်လည် ပြေးဆွဲနိုင်မယ့်အချိန်ကိုတော့ တိတိကျကျ မသိနိုင်သေးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လေယာဉ်တစ်စီးကို နှစ် ၂၀ သက်တမ်း ပြေးဆွဲခွင့်ပြုထားပြီး ယခု မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ လေယာဉ်ကတော့ ပြေးဆွဲနေတဲ့ သက်တမ်း ၁၀ နှစ်ခန့်ရှိပြီလို့ သိရပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းမှာ လေယာဉ် (၁၇) စီးရှိပြီး လေယာဉ်သက်တမ်းတွေကတော့ (၂) နှစ်ကနေ အများဆုံး (၆) နှစ်အထိ ပြေးဆွဲထားတဲ့ လေယာဉ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မေလ ၁၂ ရက်နေ့ မနက်ပိုင်းက မန္တလေးလေဆိပ်ကို ဆင်းသက်တဲ့ လေယာဉ်ဖြစ်စဉ်မှာ လေယာဉ်ရှေ့ဘီး ထုတ်မရခဲ့ပေမယ့် လေယာဉ်မှူးနဲ့ အဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ခရီးသည်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို ဂုဏ်ပြုတဲ့အခမ်းအနားကိုတော့ မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာကျင်းပခဲ့ပြီး လေကြောင်းလိုင်းက ဂုဏ်ပြုခဲ့သလို့ လိုက်ပါခဲ့တဲ့ ခရီးသည်တွေကလည်း ဂုဏ်ပြု ဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။