ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ့်အချစ်စစ်နဲ့ ချစ်နေတာ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ဆိုတာ အများကြီး ခက်ခဲမနေပါဘူး။ ချစ်သူနှစ်ယောက်ကြားမှာ တကယ်ချစ်တာ ဟုတ်မဟုတ် သိစေနိုင်ဖို့ အခုပြောပြမယ့် အချက်ကလေးတွေနဲ့ တိုက်စစ်ကြည့်ကြရအောင်။
စာအချိန်တိုင်းပို့နေတာ အချစ်စစ်မဟုတ်ပါဘူး
မနက်မိုးလင်း Morning မက်ဆေ့လေးတွေ လာလိုက် ညမိုးချုပ် Good Night မက်ဆေ့လေးတွေလာလိုက် ၊ တစ်နေကုန် ဘာဖြစ်တယ်၊ ဘာလုပ်တယ်ဆိုတဲ့ အကြောင်းတွေ ချက်ဘောက်တွေ၊ မက်ဆေ့တွေက တဆင့်ပြောနေကြတာတွေက အချစ်မဟုတ်ပါဘူး။ အချစ်ဆိုတာ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုဘဲကို မျက်လုံးချင်းကြည့်မိရုံနဲ့ စိတ်ကို သိနားလည်နိုင်တာပါ။ စာတွေမပို့တာ၊ ပို့တာတွေထက် ကိုယ့်စိတ်ကို နားလည်ပေးနိုင်တဲ့သူကသာလျှင် အချစ်စစ်လို့ ခေါ်ဆိုနိုင်တာပါ။
လိမ်ညာလှည့်ဖြားနေတာ အချစ်စစ်မဟုတ်ဘူး
အချစ်စစ်နဲ့ ချစ်တဲ့သူတွေမှာ လိမ်တာ ညာတာတွေ မရှိပါဘူး။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုအပြည့်အဝပေးနိုင်မှ အချစ်လို့မည်တာပါ။ အသေးစိတ်ကအစ လိမ်ညာနေတတ်ပြီး တစ်ယောက်အပေါ် တစ်ယောက် အယုံအကြည်မရှိတာဟာ အချစ်စစ်မဟုတ်ပါဘူး။ ချစ်သူနှစ်ယောက်ကြား ယုံကြည်မှုမထားနိုင်လောက်အောင် သံသယတွေများနေကြပြီ၊ နှစ်ယောက်ကြားမှာ လိမ်ညာမှုတွေ များနေပြီဆိုရင် ဒါတွေက အချစ်တွေ၊ မေတ္တာတွေထက် သံသယတွေ ၊ ပူလောင်မှုတွေသာ များနေတဲ့ သမီးရည်းစားဆက်ဆံရေးပဲ ဖြစ်နေပါလိမ့်မယ်။
အကြီးစားသဝန်တိုမှုတွေကလည်း အချစ်မဟုတ်ပါဘူး
ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ လိုအပ်ပါတယ်။ ချစ်သူတွေကြားမှာလည်း တချို့အရာတွေအပေါ် လွတ်လပ်ခွင့်တွေ ပေးထားကြမှ အဆင်ပြေတာပါ။ အမြဲစွပ်စွဲ သဝန်တိုနေပြီး ကိုယ့်ရဲ့ လွတ်လပ်ပိုင်ခွင့်အားလုံး ချုပ်ကိုင်ထားရင်တောင် မိန်းကလေးတွေက အဲဒါဟာ သူတို့ကို ချစ်လွန်းလို့ ဖြစ်တယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ဒါတွေက အချစ်မဟုတ်ပါဘူး၊ အတ္တသက်သက်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကြီးစားသဝန်တိုမှုတွေ ၊ စွပ်စွဲမှုတွေ ၊ ချုပ်ကိုင်မှုတွေ ကြုံတွေ့လာရတဲ့အခါ ဒါဟာ လွဲမှားတဲ့ အချစ်ဖြစ်တဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ၊ ကိုယ့်ချစ်သူကိုလည်း လက်ခံလာနိုင်အောင် ပြောပါ။
တိုက်ခိုက်အကြမ်းဖက်တာကလည်း အချစ်မဟုတ်ပါဘူး
တစ်ခါတလေမှာ ရန်ဖြစ်စကားများကြတဲ့အခါမျိုးတွေမှာ လက်ပါလာတာမျိုးတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကားပြောတာမျိုးတွေ၊ လူတွေကြားထဲမှာ နှစ်ကိုယ်ကြားသိတဲ့ အားနည်းချက်တွေကို ထုတ်ပြောတာမျိုးတာမျိုးတွေ လုပ်ကြတာကို မိန်းကလေးတွေက ဒေါသအလျောက်ဖြစ်သွားတာလို့ အလွယ်တကူ ခွင့်လွှတ်နားလည်ပေးလိုက်ကြပါတယ်။ ဒါဟာ သူ့ကို ကိုယ့်အပေါ် ဒီလို လုပ်ရပ်မျိုး ထပ်ခါထပ်ခါ ပြုလုပ်ခွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီလို လုပ်ရပ်တွေ ကိုယ့်အပေါ် လုပ်နေနိုင်ရက်တယ်ဆိုတာက တကယ့်အချစ်စစ်ဟုတ်မဟုတ် သေချာဆန်းစစ်ကြည့်သင့်နေပါပြီ။
တကယ့်အချစ်စစ်ဆိုတာ
တကယ့်အချစ်စစ်ဆိုတဲ့ အရာတွေက မပူလောင်နေတော့ပါဘူး။ အေးချမ်းပြီး ကိုယ့်ကို လုံခြုံပြီးပြည့်စုံတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းပါတယ်။ အချင်းချင်း ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးမို့ နှစ်ယောက်စလုံး စိတ်ချမ်းသာသလို နောက်တစ်ယောက် ထပ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း ဒီဆက်ဆံရေးမှာ ရှိမနေပါဘူး။ အနားမှာ ရှိနေရုံနဲ့ ပြီးပြည့်စုံသလို ခံစားရတဲ့ ခံစားချက်မျိုးရှိနေတာဖြစ်တာကြောင့် တကယ့်အချစ်စစ်ဆိုတာ ပူလောင်မှုဝေးပြီး အေးချမ်းပျော်ရွှင်ရတဲ့ ခံစားချက်ကို ပေးစွမ်းတာပါ။
တကယ့်အချစ်စစ်ဆိုတာက ဘယ်လိုဆိုတာ သိနေပြီဆိုရင် ကိုယ့်လက်ရှိအချစ်ရေးကို ဝေဖန်သုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ ချစ်သူကိုပဲ ကိုယ့်ကို အချစ်စစ်နဲ့ ချစ်စေချင်လို့ မရပါဘူး၊ ကိုယ်ကိုယ်တိုင်ကရော သူ့ကို အချစ်စစ်နဲ့ ချစ်တာလား သုံးသပ်ကြည့်သင့်ပါတယ်။ အထက်ကပြောခဲ့တဲ့ တကယ့်အချစ်စစ်မဟုတ်တဲ့အရာတွေကို ကြုံနေရတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံးကလည်း မပြတ်နိုင်ဘူးဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ညှိနှိုင်းသင့်နေပါပြီ။
နှစ်ယောက်စလုံး တကယ်ချစ်ခင်စုံမက်တဲ့ ဆက်ဆံရေးဆိုရင်တော့ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးမျိုးကို ညှိယူပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုတွေ တည်ဆောက်ယူကြဖို့ အကြံပေးချင်ပါတယ်။