ရိုးမားနည်းပြ မော်ရင်ဟိုဟာ မနေ့ညက လက်စတာကို အနိုင်ရရှိကာ ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် စိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ရပါတယ်။ ရိုးမားဟာ လက်စတာကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တာပါ။
ဗိုလ်လုပွဲမှာတော့ မော်ရင်ဟိုရဲ့ရိုးမားက နယ်သာလန်ကလပ် ဖီယင်နုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ ဒီနိုင်ပွဲကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်က အဓိကပြိုင်ပွဲအားလုံးရဲ့ ဗိုလ်လုပွဲကို မတူညီတဲ့အသင်းလေးသင်းနဲ့ တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပေါ်တိုနဲ့အတူ ယူအီးအက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလား၊ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ဖလား၊ အခု ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလား ဗိုလ်လုပွဲတွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခု ဖီယင်နုနဲ့ပွဲမတိုင်ခင်မှာ မော်ရင်ဟိုဟာ ရှေ့မှာ ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအားလုံးကိုလည်း အနိုင်ကစားထားပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက သူစိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ရတဲ့အကြောင်းရင်းကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။ မော်ရင်ဟိုက “ကျနော် အရမ်းကို စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒီ ယူရိုပါကွန်ဖရင့်လိဂ်က ကျနော်တို့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲလိုပါပဲ။ ခင်ဗျားက ရောမမှာအလုပ်လုပ်၊ ရောမမှာနေ၊ ရောမလေကို ရှူနေတယ်ဆိုရင် အခု ဒီအသင်းအတွက် အသက်ရှင်သလိုပါပဲ”
“ဘာကြောင့်လဲဆိုတော့ ရိုးမားကသာ ရောမမြို့ရဲ့ စစ်မှန်တဲ့ကလပ်အသင်းတသင်းဖြစ်လို့ပါ။ ဒီကို စရောက်တဲ့ ပထမဆုံးနေ့တည်းက ကြီးကျယ်ခမ်းနားတာကို ကျနော် ခံစားမိခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုတွေအများကြီးမရ၊ ဗိုလ်လုပွဲတွေအများကြီးမတက်နိုင်ဖြစ်ခဲ့ပါတယ်။ ဒီအသင်းရဲ့သမိုင်းကြောင်းက ဆိုရှယ်နဲ့ဘာမှမဆိုင်ပါဘူး”
“ကျနော်တို့က ကောင်းမွန်တဲ့အသင်းတသင်းကို တဆင့်ချင်းတည်ဆောက်ပြီး ပရီးမီးယားလိဂ်ကလပ်ကို အနိုင်ရခဲ့ပါပြီ။ ကျနော့်မှာ ဒီထက်ကြီးမားတဲ့ အခိုက်အတန့်ကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါတွေကို ကျနော့်အတွက်လို့ မခံစားပါဘူး။ လူတွေနဲ့ ကစားသမားတွေအတွက်ပဲ ခံစားပေးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။