အတ္တလန်တာနည်းပြ ဂက်စ်ပါရီနီက မနေ့က ယူနိုက်တက်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီး သူနဲ့ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအကြား ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကို မီဒီယာတွေဆီ ဖွင့်ချခဲ့ပါတယ်။
ဒီပွဲမှာ အတ္တလန်တာက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပထမပိုင်းနာကျင်အချိန်ပိုနဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုတို့မှာ ချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်က အုပ်စုထိပ်ဆုံးမှာ ရမှတ် (၇) မှတ်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အတ္တလန်တာကတော့ ရမှတ် (၅) မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။
ယူနိုက်တက်နဲ့ဗီလာရီးရဲယ်တို့ကတော့ အမှတ်တူအနေအထားဖြစ်ပြီး ဒီအသင်းတွေရဲ့ အုပ်စုလက်ကျန်ပွဲတွေကတော့ အမှားခံလို့မရတော့ပါဘူး။ ဒီလိုမျိုး အတ္တလန်တာနဲ့ယူနိုက်တက်တို့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီး ရော်နယ်ဒိုနဲ့သူ့အကြားကပြောစကားတွေကို ဂက်စ်ပါရီနီက အခုလိုပဲ ပြောပြခဲ့ပါတယ်။
ဂက်စ်ပါရီနီက “ပွဲအပြီးမှာ ကျွန်တော် ရော်နယ်ဒိုနဲ့ စကားပြောဖြစ်ခဲ့ပြီး သူက တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားဖြစ်သလို ပြဿနာတွေလည်း ပေးစွမ်းနိုင်တဲ့သူပါ။ ဒီလိုပြဿနာမျိုးက ခံစားရရင်တောင် ပျော်ပျော်ကြီးခံစားချင်တဲ့ ပြဿနာလို့ဆိုနိုင်ပါတယ်”
“သူက တော်ရုံတန်ရုံ ဂိုးပေါက်လွဲချော်လေ့မရှိဘဲ ပထမပိုင်းမှာလည်း ဂိုးသွင်းခဲ့တယ်၊ နောက်တစ်ပိုင်းမှာလည်း သူက သူ့အသင်းကို ကယ်တင်သွားခဲ့ပါတယ်။ ကျွန်တော် ပွဲပြီးတော့ သူ့ကို ပြောခဲ့ပါသေးတယ်။ ‘အီတလီမှာဆိုရင် ငါတို့ ဘာပြောလဲသိလား? ငရဲကိုသာ သွားလိုက်တော့ကွာ’ ဆိုပြီးတော့ပေါ့” လို့ မီဒီယာတွေနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။
ပထမအကျော့ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းကလည်း အတ္တလန်တာတို့ ပထမပိုင်းမှာ (၂) ဂိုးပြတ်နဲ့ ဦးဆောင်ထားပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပြီး အဲ့ဒီပွဲမှာလည်း ရော်နယ်ဒိုက ယူနိုက်တက်ကို ၃-၂ ဂိုးနဲ့အနိုင်ရစေမယ့် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။