In partnership with  logo
မွေးရာပါ မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကို ကိုယ့်ရဲ့ ဝါသနာပါရာအတိုင်း ဖြစ်အောင် လုပ်ပေးနိုင်သူတစ်ဦးရှိပါတယ်။

သူကတော့ ပခုက္ကူမြို့နယ် အရှေ့သီရိရွာ က စေတနာ့ဝန်ထမ်းဆရာမ ဒေါ်အိအိညိမ်းဖြစ်ပါတယ်။ မွေးရာပါ ညာဘက် ခြေလက် မသန်စွမ်းတဲ့ သူတစ်ဦးပါ။ မသန်ပေမယ့် ကိုယ့်ရဲ့ ဝါသနာကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူ့ရဲ့ ဇွဲ လုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေကတော့ အံ့မခမ်းပါပဲ။

နိုင်ငံတော်က အသိအမှတ်ပြုခြင်းခံရသူ

သူ့ရဲ့ စွမ်းဆောင်မှုတွေကို နိုင်ငံတော်အကြီးအကဲက စပြီး ဌာနဆိုင်ရာတွေကပါ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး အသိအမှတ်ပြုရသည်အထိ ဂုဏ်သတင်းမွှေးသူပါ။ ၂၀၁၈ခုနှစ် ကမ္ဘာ့ဆရာများနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာများအဖွဲ့ချုပ် က ချီးမြှင့်တဲ့ မီးအိမ်ရှင် ဆု ကို ရရှိခဲ့ပါတယ်။ ၂၀၁၉ ဧပြီ ၂၉ ရက်နေ့မှာ ပြည်သူ့ဂုဏ်ရည် အသင်းချုပ်က ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆု ကို ထပ်မံရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ရက် မြန်မာအမျိုးသမီးများနေ့မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ မသန်စွမ်း အမျိုးသမီး ထူးချွန်ဆုတို့ကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

“ကိုယ့်ရဲ့ စေတနာ မေတ္တာတွေကို ဌာနအသီးသီးက ဂုဏ်ပြုချီးမြှင့်ကြတဲ့အတွက် ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးအတွက် ခွန်အားတွေ ၊ ယုံကြည်မှုတွေ ပိုပြီး တိုးပွားလာပါတယ်။” ရရှိတဲ့ဆုတွေအတွက် ပီတိစကားပြောခဲ့ပါတယ်။

လွယ်လွယ်နဲ့ ရခဲ့တဲ့အရာတွေမဟုတ်

ဒီလို လူတိုင်းက အသိအမှတ်ပြုချီးကျူးခံရဖို့ဟာ သူ့အတွက် လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ သူ အမက်မောဆုံးဖြစ်တဲ့ ကျောင်းဆရာမဘဝကို ရရှိဖို့ သူ့အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ နေ့စားလပေး ကျောင်းဆရာမလျှောက်တဲ့အချိန်မှာ သူဟာ သုံးကြိမ်တိုင်တိုင် ငြင်းဆန်ခြင်း ခံခဲ့ရပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၂၀၁၃-၁၄စာသင်နှစ်မှာပါ။ ပထမဆုံးအကြိမ်ငြင်းဆန်ခံရချိန်မှာ သူဟာ ဝမ်းနည်းစိတ်နဲ့ ငိုကြွေးခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ရွာမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ဆောင်ရွက်နေခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ်ကနေ မတင်းတိမ်နိုင်တဲ့ ဒေါ်အိအိညိမ်းဟာ ၂၀၁၄-၁၅ ပညာသင်နှစ်မှာ တစ်ကြိမ် ၊ ၂၀၁၅-၁၆ ပညာသင်နှစ်မှာတစ်ကြိမ် ထပ်မံလျှောက်ထားခဲ့ပေမယ့် ထပ်မံငြင်းပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း စေတနာ့ဝန်ထမ်းဖြစ်နေပြီဖြစ်တဲ့ ဆရာမအတွက် ပထမဆုံးအကြိမ်ကလို ဝမ်းနည်းမနေတော့ပါဘူး။ သူက စာသင်နေရတာကိုပဲ ကျေနပ်ပျော်ရွှင်နေသူတစ်ယောက်ပါ။

သူ့ရဲ့ အခက်ခဲဆုံးအချိန်ကာလတစ်ခုအကြောင်းကို ဒေါ်အိအိညိမ်းက ပြောပြပါတယ်။

“ဘဝရဲ့ အခက်အခဲဆုံးအချိန်က မူလတန်းအရွယ် ပြီးဆုံးပြီး အလယ်တန်း ၊ အထက်တန်း ပညာတွေ သင်ယူရတဲ့အချိန်တွေပေါ့ ။ ကျွန်မတို့ရွာမှာက မူလတန်းအထိပဲရှိတယ်၊ ဆက်လက်ပြီး ပညာသင်ယူချင်ရင် ပုဂံမြို့မှာ ရှိတဲ့ အထက ပုဂံ ကျောင်းကို တက်ရမယ်။ ကျွန်မတို့ရွာနဲ့ ပုဂံမြို့ကို ဧရာဝတီမြစ်က ခြားထားတယ်။ကုန်းတစ်တန် ၊ ရေတစ်တန် သွားရတယ်၊ လှေအဆင်း မြင်းအတက်ဆိုသလို လှေအဆင်း လှေအတက်တွေမှာ ကျွန်မအတွက် အခက်အခဲဆုံးအချိန်တွေပါ။ အမြဲလိုလို လှေပေါ်က ပြုတ်ကျတယ်၊ ရေနစ်တယ်၊ သေကံမရောက် အသက်မပျောက်ခဲ့ ဘူးပေါ့။”

ဆရာမအလုပ်ကို ရူးသွပ်တဲ့ သူဟာ ဆရာမအလုပ်မလုပ်ရဘူးလို့ တွေးမိရင်တောင် ဝမ်းနည်းတတ်သူပါ။ ဆရာမအဖြစ် ကျောင်းသားတွေကို စာသင်ရင်း သူတတ်ထားတဲ့ အတတ်ပညာတွေ ဝေမျှရင်း ကျေနပ်ပျော်ရွှင်နေတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။

“ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ၊ လူပိုတစ်ယောက်အဖြစ် အသက်မရှင်ချင်ဘူး။ ကိုယ်လုပ်နိုင်တာတွေကို အများအတွက် လုပ်ပေးနေရရင် ပျော်တယ်၊ ကျေနပ်တယ်၊ ဆရာမဘဝလေးက အေးချမ်းတယ်၊ ကလေးတွေက စိတ်ထားဖြူစင်ကြတယ်။ သူတို့ရဲ့ ခံစားချက်အတိုင်း ဆရာမတွေကို ဆက်ဆံကြတယ်။ ကိုယ်ကလည်း ဒုတိယမိဘအနေနဲ့ သူတို့ရဲ့ ဘဝလေးတိုးတက်ကောင်းမွန်နိုင် အောင် ပုံဖော်ပေးနိုင်လို့ ကျေနပ်တယ်။”



ကျောင်းစာတွေသင်ရင်း ကျောင်းသင်ခန်းစာတွေအတွက် ပြင်ဆင်ရင်း ဘဝရဲ့ အချိန်တွေကို ကုန်ဆုံးတတ်တဲ့ သူဟာ အားလပ်ချိန်မှာတော့ စာရေး စာဖတ် လုပ်လေ့ရှိပြီး အင်္ဂလိပ်စာတွေကိုလည်း လက်လှမ်းမီသလောက် လေ့လာနေပါတယ်။ စေတနာ့ဝန်ထမ်းဖြစ်တဲ့အတွက် မူလတန်း ၊ အလယ်တန်းနဲ့ အထက်တန်း အတန်းပေါင်းစုံကို သင်ကြားပေးနေတဲ့အပြင် စနေ ၊ တနင်္ဂနွေလို ပိတ်ရက်မျိုးမှာလည်း ၉တန်း ၊ ၁၀ တန်း ကျောင်းသူ ကျောင်းသားတွေကို English Grammar သင်ကြားပေးနေပါတယ်။

“ဖြစ်ချင်တဲ့ ဝါသနာက ဆရာမပါပဲ။ ကိုယ်က စေတနာ့ဝန်ထမ်းဆိုတော့ ရွာကျောင်းမှာ ဆရာအင်အားလိုအပ်မှသာ လုပ်ပိုင်ခွင့်ရှိတာမို့ အမြဲတမ်းစာသင်ချင်နေတဲ့ ကျွန်မအတွက် ပန်းတိုင်ရောက်ပြီ မပြောလိုပါဘူး။”

"မသန်ပေမယ့် စွမ်းသူ ဆရာမဒေါ်အိအိညိမ်းကတော့ မသန်စွမ်းတွေကိုယ်စား စကားတစ်ခွန်းပါးလိုက်ပါတယ်။

မသန်စွမ်းတွေကို စာနာပါ၊ ကြင်နာပါ မေတ္တာထားပေးကြပါ။ ဘဝကံကြမ္မာအရ ကိုယ်ခန္ဓာချို့ယွင်းခဲ့ရလို့ အားငယ်နေတဲ့သူတွေကို စိတ်ဓာတ်ရေးရာပါ ဒဏ်ရာရအောင် ဆက်ဆံကြမယ်ဆိုရင် ကျွန်မတို့ဘဝတွေ နာလံထူတော့မှာ မဟုတ်ပါဘူး။ စွမ်းရည်ပြည့်ဝသော မသန်စွမ်းသူတွေကို ချီးမြှင့်ကြပါ။ ကန့်သတ်ချက်တွေ ၊ ဥပဒေတွေနဲ့ ခွဲခြားမဆက်ဆံကြပါနဲ့။ ကျွန်မတို့ဟာလည်း အမိမြေက မွေးတဲ့ အမိမြေသားသမီးများပါလို့။"

Share

Loading Next Article...
က္က