ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီဟာ အသင်းအနေနဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကိုသာ ခေါ်ယူမယ်ဆိုရင် အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း နည်းပြ ဇာဗီကို အသိပေးခဲ့ပါတယ်။ ဂါဗီဟာ မနေ့ကမှ (၁၈) နှစ်ပြည့်ခဲ့တာဖြစ်ပြီး အသင်းကြီးနဲ့ (၅) နှစ် စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေတာပါ။
ဒီလာမာစီယာအကယ်ဒမီထွက် ကစားသမားလေးဟာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားပြီး ဂါဗီကိုခေါ်ယူဖို့အတွက် ဥရောပထိပ်တန်းအသင်းအများအပြားကလည်း စောင့်ကြည့်လျက်ရှိနေပါတယ်။ အသင်းရဲ့ အခြားသောကစားသမား ရစ်ကီပွတ်ဂ် LA ဂလက်ဆီကို ပြောင်းရွှေ့သွားပြီးနောက် ဂါဗီဟာ ဇာဗီရဲ့ ကျောနံပါတ် (၆) ဂျာစီကို ဆက်ခံသွားဖို့လည်းရှိပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ဘာစီလိုနာတို့ ခေါ်ယူဖို့ ကြိုးစားနေတဲ့အပေါ်မှာတော့ ဂါဗီက မပျော်မရွှင်ဖြစ်နေပါတယ်။ ကတ်တလန် အခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက်အရတော့ အသင်းကသာ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ကြောင်း ဂါဗီက နည်းပြ ဇာဗီကို အသိပေးထားတယ်လို့ သိရှိရပါတယ်။
ဘာစီလိုနာဟာ လက်ရှိနွေရာသီမှာ အေစီမီလန်ကွင်းလယ်လူ ကက်ဆီကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါတယ်။ ဒါ့အပြင် ဖရန်ကီဒီဂျောင်၊ ပီဒရီ၊ ဘတ်စ်ကွက်စ်၊ နီကိုဂွန်ဇာလက်ဇ်၊ ပီယာနီတို့ပါ ကွင်းလယ်မှာရှိနေတဲ့နောက် ဘာနာဒိုဆေးလ်ဗားသာ ရောက်လာရင် ပွဲထွက်ခွင့်အတွက် ရုန်းကန်ရမှာကို ဂါဗီက မလိုလားဘူးဖြစ်နေတာပါ။
ဘာစီလိုနာအနေနဲ့ လက်ရှိနွေရာသီမှာ ခရစ္စတန်ဆန်၊ ကက်ဆီ၊ ရာဖင်ညာ၊ လီဝန်ဒေါစကီးနဲ့ ကွန်ဒေးတို့ကို ခေါ်ယူထားပြီးနောက် ဘာနာဒိုဆေးလ်ဗားအတွက် အားစိုက်ကြိုးပမ်းနေပါတယ်။ အဆိုပါ ပေါ်တူဂီကွင်းလယ်လူ ကိုယ်တိုင်ကလည်း အရင်တည်းက ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုယ်တိုင်ကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ ဝန်ခံပြောကြားထားပါတယ်။