အက်သလက်တီကိုမက်ဒရစ်အသင်းခေါင်းဆောင်ကွင်းလယ်လူကိုကီဟာ ယူနိုက်တက်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို ပါဝင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ စပိန်ကွင်းလယ်လူဟာ အိုဆာဆူနာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး ဒီနေ့ပြုလုပ်မယ့် အသင်းလေ့ကျင့်ခန်းအစီအစဉ်ကိုပါ လွဲချော်ခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ ဒီရာသီချန်ပီယံလိဂ်အုပ်စုပွဲစဉ်အားလုံးကို ပွဲထွက်ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၈ နိုဝင်ဘာလကစပြီး ချန်ပီယံလိဂ်ပွဲတွေကို လုံး၀လွဲချော်ခဲ့သူမဟုတ်ဘဲ ပါဝင်ကစားပေးခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကို အက်သလက်တီကိုက စောင့်ကြည့်နေရတယ်လို့သိရပြီး တကယ်လို့သာ သူ မပါဝင်နိုင်ဘူးဆို ဆီမြွန်နီအတွက် အခက်ကြုံတော့မှာဖြစ်ပါတယ်။
စပိန်သတင်းစာ AS ကတော့ ဆီမြွန်နီဟာ သူ့အသင်းကို ၄-၄-၂ ကစားကွက်ကနေ ပြောင်းလဲအသုံးပြုဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ပြီး လေ့ကျင့်ကွင်းမှာ ခံစစ်ကစားသမား ၅ ဦး ပါဝင်တဲ့ ကစားကွက်ကို လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်စစ်ပိုင်းမှာ ကော်ရီယာနဲ့ ယာအိုဖိလစ်တို့ကိုထားရှိပြီး ဆွာရက်ဇ်ကိုတော့ အရန်ကစားသမားအဖြစ်နဲ့သာ ထားရှိမှာဖြစ်ကာ ဂရစ်မန်းကတော့ ပေါင်ဒဏ်ရာကနေ မသက်သာသေးဘူးလို့ သိရပါတယ်။