ဒရာမာတွေ ထပ်မမြင်ရဘူးလို့ အန်ဆယ်လော့တီက ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူ့အနေနဲ့ လီဗာပူးကို အနိုင်ယူဖို့အတွက် ပြဇာတ်ဆန်ဆန် နောက်ကနေ လိုက်ပြီး အနိုင်ယူတာမျိုးတွေ မလိုအပ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ မနက်ဖြန်ညမှာ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပဲရစ်မြို့မှာ ယှဥ်ပြိုင်ကစားတော့မှာပါ။



ရီးရဲလ်မက်ဒရစ်ဟာ ဗိုလ်လုပွဲတက်လှမ်းရာ လမ်းကြောင်းတလျှောက် ရှုံးထွက်ကနေ ဆီမီးဖိုင်နယ်အထိ နောက်ကနေ လိုက်ကစားပြီး ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲ ဒုတိယအကျော့မှာ ဘန်ဇီမာရဲ့ နောက်ကျဟက်ထရစ်ဂိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်တို့ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။

အဲ့ဒီနောက် ကွာတားဖိုင်နယ် ချဲလ်ဆီးနဲ့ ဒုတိယအကျော့မှာလည်း သုံးဂိုးပြတ်ရှုံးပြီးမှ ရိုဒရီဂို၊ ဘန်ဇီမာတို့ရဲ့ ဂိုးတွေကြောင့် ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း မန်စီးတီးကို မိနစ် (၉၀) မှာ နှစ်ဂိုးဆက်တိုက်သွင်းကာ အချိန်ပိုဆက်ကစားပြီး ဘန်ဇီမာရဲ့ ပင်နယ်တီဂိုးကြောင့်ပဲ အခုလို ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခုဗိုလ်လုပွဲမှာရော ဒီလိုမျိုး ဒရာမာဆန်ဆန် နိုင်ပွဲမျိုးတွေ မြင်တွေ့ရဦးမလားဆိုတဲ့ မေးခွန်းအပေါ် အန်ဆယ်လော့တီက “နိုး။ ကျနော်တို့ နောက်ထပ် ပြန်လာပြနေစရာ မလိုအပ်ပါဘူး။ လီဗာပူးကသာ ကျနော်တို့ကို နောက်ကနေ ပြန်လိုက်ကစားရဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” လို့ ဟာသလုပ်နောက်ပြောင်သွားခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကို ဖြတ်ကျော်ခဲ့တဲ့နေရာမှာလည်း ဘယ်ပွဲက အခက်ဆုံးလဲဆိုတဲ့ မေးခွန်းကို အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီက “ဖြတ်သန်းခဲ့တဲ့ သုံးဆင့်လုံးမှာ ကျနော်တို့တော့ ထွက်ရပြီလို့ ကျနော် မတွေးခဲ့ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ အကြီးမားဆုံး သက်ရောက်မှုရှိခဲ့တာတော့ ချဲလ်ဆီးနဲ့ပွဲပါ”

“ကျနော်တို့ ပထမအကျော့မှာ နိုင်ခဲ့တာကြောင့် ဒုတိယအကျော့အတွက် ပြင်ဆင်မှုမှာ တော်တော်လေး ခက်ခဲခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီကို ပထမအကျော့၊ ချဲလ်ဆီးကို ဒုတိယအကျော့၊ မန်စီးတီးကို ပထမအကျော့တို့မှာ ရှုံးနိမ့်ခဲ့ပေမယ့် လိုအပ်နေတဲ့သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တာကြောင့် အခုလိုပဲ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့တာပါ။ 

Share

Loading Next Article...
က္က