မနက်စာဟာ လူတစ်ယောက်အတွက် တစ်ရက်တာမှာ အရေးကြီးဆုံးဖြစ်ပါတယ်။

"မနက်စာကို ရှင်ဘုရင်လို စားပါ" ဆိုတဲ့ စကားကို အားလုံးပဲ ကြားဖူးကြမှာပါ။ ဒါဟာ ဆိုရိုးစကားတစ်ခု သက်သက်မဟုတ်ပါဘူး။ အာဟာရပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေကလည်း မနက်စာဟာ လူတစ်ယောက်အတွက် တစ်ရက်တာမှာ အရေးကြီးဆုံးလို့ တညီတညွတ်တည်း သဘောတူထားကြပါသေးတယ်။ ဒါဆိုရင် မနက်စာဟာ လူ့ခန္ဓာကိုယ် အတွက် ဘာကြောင့် အရမ်းအရေးပါနေရသလဲ ဆိုတာကို အတူတူ လေ့လာကြည့်လိုက်ကြရအောင်။


Photo : Freepik

အရေးကြီးတဲ့ စွမ်းအင်အရင်းအမြစ် ကိုပေးတယ်

အိပ်စက်ချိန်အတွင်းမှာ လူ့ခန္ဓာကိုယ်ဟာ အစာဖြတ်ထားတာကြောင့် အိပ်ရာထချိန်မှာ စားတဲ့ မနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးတဲ့ စွမ်းအင်အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ မနက်စာပုံမှန် စားပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွမှု ရှိနေပြီး ခန္ဓာကိုယ်ရဲ့ အစာချေစနစ် ကောင်းမွန်မှန်ကန်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

ဗီတာမင်နဲ့ အာဟာရဓါတ်တွေ လုံလောက်စေတယ်

အိပ်ရာထချိန်မှာ အာဟာရပြည့်ဝတဲ့ မနက်စာကိုပုံမှန်စားပေးခြင်းဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေမှာ ဗီတာမင်နဲ့အာဟာရဓါတ်တွေ ပါဝင်တာကြောင့် ဘယ်အချိန်စားစား ခန္ဓာကိုယ်အတွက် အကျိုးရှိမှာပဲ ဆိုပေမဲ့ အိပ်ရာထ၊ မနက်စောစောမှာ စားပေးရင် ခန္ဓာကိုယ်အတွက် ပိုပြီး အကျိုးရှိစေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။

Photo- tumblr

ကိုယ်အလေးချိန် ထိန်းဖို့ အကူအညီပေးတယ်

သုတေသနလေ့လာချက်တွေအရ မနက်စာကို ပုံမှန်စားတဲ့လူတွေဟာ ကိုယ်အလေးချိန်လွန်ကဲတာ၊ လျော့နည်းတာမျိုးတွေ မရှိဘဲ အသက်အရွယ်၊ အရပ်အမောင်းအရ ရှိသင့်၊ရှိထိုက်တဲ့ ကိုယ်အလေးချိန်မျိုး ရှိတတ်ကြတာကို တွေ့ရှိထားရပါတယ်။ မနက်အိပ်ရာထချိန်မှာ မနက်စာကို စားလိုက်တဲ့အခါ မကြာခန ဗိုက်ဆာတာ၊ ဒါမှမဟုတ် အစာစားချင်စိတ် မရှိတာမျိုးတွေ မဖြစ်တော့ဘဲ ခန္ဓာကိုယ်ရဲ့ အစာချေစနစ် ပုံမှန်အလုပ်လုပ်နိုင်သွား ကြောင့်မနက်စာ ပုံမှန်စားတဲ့သူတွေဟာ အဲဒီလို ရှိသင့်၊ရှိထိုက်တဲ့ ကိုယ်အလေးချိန်မျိုး ရှိတတ်ကြတာလို့ ပညာရှင်တွေက ယူဆထားပါတယ်။


Photo: Shutter Stock

ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးတယ်

မနက်စာ ပုံမှန်မစားရင် အာရုံစိုက်ရခက်ခဲတာ၊ ရုတ်တရက် မူးဝေတာမျိုးတွေ ခံစားရတတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ မနက်စာက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်တာကြောင့် မနက်စာမစားထားတဲ့အခါ ခန္ဓာကိုယ်က လုံလုံလောက်လောက်စွမ်းအင်မရတာကြောင့် ဦးနှောက်ကို လိုအပ်သလောက် စွမ်းအင်မပို့ပေးနိုင်တာကြောင့် အဲဒီလို ခံစားရတာပဲ ဖြစ်ပါတယ်။ မနက်စာကို အာဟာရ ပြည့်ဝအောင် စားထားမယ်ဆိုရင်တော့ ဦးနှောက်စွမ်းအားမြင့်တက်ပြီး အာရုံစူးစိုက်မှုအားကောင်းကာ လန်းဆန်းကြည်လင်နေမှာပဲ ဖြစ်ပါတယ်။


ဒီလောက်ဆိုရင် အားလုံးပဲ မနက်စာကို ဘာကြောင့် ရှင်ဘုရင်လိုစားသင့်လဲ ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ မနက်စာကို ပုံမှန်လေး မပျက်မကွက်စားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref: Better Health


ဆက်စပ်အကြောင်းအရာများ

Share

က္က