ဒီဆိုင်ကမနက် ၆နာရီကနေ၇နာရီခွဲအထိ တစ်နာရီခွဲပဲဖွင့်တာပါ။

အာဟာရပြည့်တဲ့မနက်စာနဲ့တစ်နေ့တာကိုစတင်နိုင်ဖို့အတွက် စျေးတန်ပြီးအရည်သွေးပြည့်၀တဲ့မနက်စာဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။



တစ်ရက်ကိုတစ်နာရီခွဲပဲဖွင့်တဲ့ MK Milk

MK Milk ဆိုတဲ့နို့နဲ့နို့ထွက်ပစ္စည်းဆိုင်လေးကတော့ တစ်ရက်ကိုတစ်နာရီခွဲပဲဖွင့်တဲ့ တောင်ဒဂုံယောက်ကော်ပန်းခြံရှေ့က နွားနိ့ဆိုင်လေးပါ။မနက်စောစောရောင်းတဲ့ဆိုင်လေးဖြစ်ပြီး မနက်၆နာရီကနေ၇နာရီခွဲအထိ တစ်နာရီခွဲပဲဖွင့်တာပါ။ပန်းခြံမှာအားကစားလာလုပ်သူတွေ၊လမ်းလျှောက်လာသူတွေကအပြန်ကြရင်လက်မလည်အောင်၀ယ်ကြတဲ့ဆိုင်လေးဖြစ်ပါတယ်။ 

“အခုကပန်းခြံမှာလေ့ကျင့်ခန်းလာလုပ်တဲ့သူတိုင်းနီးပါး၀ယ်ကြတယ်။မ၀ယ်တဲ့သူမရှိသလောက်ပဲ။ စစတုန်းကတော့ဘာတွေရောင်းတာလဲဆိုပြီး လာကြည့်ရင်းနဲ့ စမ်းပြီးတော့၀ယ်ကြတာ။နောက်တော့သူတို့အကြိုက်တွေ့သွားပြီး အဲ့လိုနဲ့နေ့တိုင်း အားပေးကြတာ”လို့ MK Milk ရဲ့ဆိုင်ရှင်မခိုင်ကပြောပါတယ်။

MK Milk ဆိုင်လေးရဲ့အစ

တောင်ဒဂုံပန်းခြံရှေ့မှာဆိုင်မဖွင့်ခင်က စက်ဘီးလေးနဲ့တနိုင်တပိုင်လေးရောင်းချခဲ့တာပါ။နယ်မြို့လေးကနေရန်ကုန်ရောက်လာချိန်မှာကိုယ်ပိုင်လုပ်ငန်းလေးအဖြစ် အိမ်မှာတနိုင်တပိုင်စခဲ့တဲ့အလုပ်လေးလည်းဖြစ်ပါတယ်။

“ရန်ကုန်ရောက်လာတဲ့အချိန်မှာ အမတို့လုပ်လက်စအလုပ်တွေရပ်ပြီး အလုပ်တစ်ခု ကိုအစကနေပြန်စလုပ်ရမယ်ဆိုတဲ့အချိန်မှာဒီအလုပ်လေးကိုစလုပ်ဖြစ်ခဲ့တာပါ။ စစတုန်းကတော့ မှာတဲ့သူတွေကိုစက်ဘီးလေးနဲ့စပို့တာ။ကိုယ်တိုင်ပို့တော့ ကိုယ်ရောင်းတဲ့နို့အရည်အသွေးကို စားသုံးသူကိုသေချာလေးရှင်းပြလို့ရတယ်။အဲ့တော့ တစ်ခါမှာပြီးအရည်အသွေးကိုကြိုက်သွားတော့ထပ်မှာကြတာ‌။အဲ့လိုနဲ့ ဖောက်သည်တွေရလာပြီး ဒီအလုပ်လေးကိုဆက်လုပ်ဖို့အားရှိလာတာပါ” လို့ လုပ်ငန်းရဲ့ အစကို မခိုင်ကပြန်ပြောပြပါတယ်။ 


ပန်းခြံရှေ့မှာရောင်းဖြစ်တာက

အသက်ကြီးသူတွေမနက်စောစောလမ်းလျှောက်ပြီးတဲ့အခါအာဟာရပြည့်၀တဲ့မနက်စာလေးနဲ့တစ်နေ့တာကိုစတင်စေချင်တာကြောင့်အမြတ်များများမယူဘဲအရည်သွေးကောင်းကောင်းလေးရောင်းပေးတာလို့သိရပါတယ်။

“ပန်းခြံမှာလာရောင်းဖြစ်တာက အဓိကအသက်ကြီးတဲ့သူတွေကိုနွားနို့ကောင်းကောင်းလေးသောက်စေချင်တာကြောင့်ပါ။အမက ကိုဗစ်ကာလမှာကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရှုံးဖူးတဲ့အခါကြတော့ အသက်ကြီးတဲ့သူတွေကိုကိုယ့်မိသားစု၀င်တွေလိုပဲနွေးထွေးပေးချင်တယ်။ဂရုစိုက်ပေးချင်တယ်။”လို့ ဆိုင်ရှင်မခိုင်ကပြောပြပါတယ်။

အရောနှောကင်းတဲ့ သဘာ၀နို့

MK Milk ဆိုင်လေးမှာရောင်းတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေအတွက် အဓိကကြတဲ့နို့ကုန်ကြမ်းကိုတော့အရည်သွေးစိတ်ချရတဲ့နို့စားနွားခြံကနေသာ၀ယ်ယူရောင်းချတာပါ။အ‌ရောနှောကင်းတဲ့ ခြံတိုက်ရိုက်နွားနို့ကိုသုံးတာမို့နို့စစ်စစ်ရဲ့ သဘာ၀အချိုအရသာကိုခံစားရပြီးသကြားမပါဘဲလည်းသောက်လို့ကောင်းပါတယ်။

စျေးတန်တဲ့ရောင်းကုန်တွေ

ဒီဆိုင်မှာရောင်းတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေရဲ့ စျေးနှုန်းကသင့်တင့်မျှတသလိုအရည်သွေးကောင်းကောင်းကိုစျေးချိုချိုနဲ့ရောင်းပေးတဲ့ဆိုင်လေးလို့ စားသုံးသူတွေကမှတ်ချက်ပြုကြပါတယ်။

“အမရောင်းတဲ့ကွာလတီကိုသောက်ဖူးသူတိုင်းက ပေးရတဲ့စျေးထက်တန်တယ်ဆိုတာသိကြတယ်။စျေးနှုန်းက အမစားဖို့သောက်ဖို့အဆင်ပြေရုံသာယူထားတာအမြတ်များများရဖို့အဓိကမဟုတ်ဘူး။အမစိတ်ကူးကသူများကိုကူညီရင်းနဲ့ပိုက်ဆံရှာချင်တာ။စုဆောင်းနိုင်ဖို့အတွက်ကအမသက်သက်တခြားအလုပ်တွေထပ်လုပ်တယ်”လို့ မခိုင်ကသူရဲ့ခံယူချက်ကိုပြောပါတယ်။

MK Milkဆိုင်လေးမှာရတာတွေက

ဆိုင်မှာနွားနို့အပြင် ဒိန်ချဥ်၊ပူတင်း၊နို့မလိုင်နဲ့ နို့အာဟာရ၊နို့ကော်ဖီတို့ရပြီး အားလုံးလိုလိုလူကြိုက်များပါတယ်။စျေးနှုန်းတွေကလည်း(၁၅၀၀)ကျပ်ကနေ (၃၅၀၀)အကျပ်တွင်းပါ။ နွားနို့အစိမ်းကတော့(၅၀)သား(၄၀၀၀)ကျပ်ပါ ။နို့အာဟာရမှာဆိုရင် နွားနို့၊ကြက်ဥ၊ပေါင်မုန့်။ငှက်ပျောသီးနဲ့အိုဗာတင်းတစ်ဇွန်းပါ၀င်ပြီးတစ်ပွဲမှ(၃၅၀၀)ကျပ်ပါ။စျေးတန်ပြီးအာဟာရပြည့်၀တဲ့မနက်စာနဲ့နေ့တစ်နေ့ကိုစတင်နိုင်မယ့်ဆိုင်ကောင်းလေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က