စစ်ကိုင်းမြို့ရဲ့ အထင်ကရ အစားအစာဖြစ်တဲ့ ခိုတောင်မု့န်တီကို အရင်က စစ်ကိုင်းနဲ့ မန္တလေးမှာသာ တွေ့ရတတ်ပေမယ့် အခုတော့ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ ခိုတောင်မုန့်တီသည် အများအပြားကို တွေ့နေရပါပြီ။ ရန်ကုန်မြို့တွင်းမှာ ရောင်းချနေတဲ့ ခိုတောင်မုန့်တီဆိုင်တွေထဲကမှ ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာက ကြည့်မြင့်တိုင် ညဈေးအနီး ဗိုလ်သူရလမ်းမပေါ်မှာရောင်းတဲ့ ခိုတောင်မုန့်တီဆိုင်လေး ဖြစ်ပါတယ်။
ကြည့်မြင့်တိုင်ညဈေးကို ခိုတောင်မုန့်တီဘယ်လိုရောက်လာလဲ။
မိတ်ဆွေတစ်ယောက်က ရန်ကုန်မှာ မန္တလေးအစားအစာတွေရောင်းဖို့ အကူအညီတောင်းရာကနေ ကြည့်မြင့်တိုင် ညဈေးမှာ ခိုတောင်မုန့်တီရောင်းဖို့ ဖြစ်လာခဲ့တာလို့ ခိုတောင်မုန့်တီသည် ကိုမျိုးက ဆိုပါတယ်။ ခိုတောင်မုန့်တီရောင်းတာ (၄) လဝန်းကျင်ပဲ ရှိသေးပေမယ့် ရောင်းအားကောင်းတယ်လို့ဆိုပါတယ်။
“ အစကတော့ မိတ်ဆွေတစ်ယောက်ရဲ့ အရင်းအနှီးနဲ့ စရောင်းတာပေါ့။ (၂) လလောက်လည်းကြာရော အကြောင်းတစ်ခုကြောင့် သူက ဒီအလုပ်ကို ဆက်မလုပ်ဖြစ်တော့ဘူး ပြောလာတယ်။ အဲဒီအချိန်မှာလည်း ကျွန်တော်ကလည်း မန္တလေးမပြန်တော့ဘဲ ကိုယ့်မှာရှိတဲ့ အရင်းအနှီးလေးနဲ့ ကိုယ်တိုင်ရောင်းမယ်ဆိုပြီးတော့ ခိုတောင်မုန့်တီလေးကို တောင်းကလေးနဲ့ ရှိတာလေးတွေနဲ့ တစ်ယောက်တည်းစရောင်းခဲ့တယ်။ အခုတော့ ဆိုင်က လက်မလည်တော့ မန္တလေးက သူငယ်ချင်းတွေပါ ကူပြီးလာလုပ်ပေးကြတယ်” လို့ ခိုတောင်မုန့်တီသည် ကိုမျိုးက ဆိုပါတယ်။
ခိုတောင်မုန့်တီစားဖို့ မနက်တိုင်းစောင့်နေကြသူတွေ
ဒီခိုတောင်မုန့်တီဆိုင်လေးက လတ်တလော လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလူပြောများနေတဲ့ဆိုင်လေးဖြစ်ပါတယ်။ လက်ရာကောင်းပြီး ဈေးတန်တာကြောင့်လည်း မနက်မနက်ဆို ဆိုင်မဖွင့်ခင်ကတည်းက နီးနီးဝေးဝေးကလာပြီး စောင့်နေကြတဲ့စားသုံးသူတွေနဲ့ အမြဲစည်ကားနေတဲ့ဆိုင်လေးဖြစ်ပါတယ်။
“ မနက်ဆို ဆိုင်က (၆) ခွဲလောက်မှ ဖွင့်တာ။ တစ်ချို့ဆို ညကတည်းက အော်ဒါမှာထားကြတယ်။ တစ်ချို့ကျတော့လည်း ဆိုင်မဖွင့်ခင် ဆိုင်ရှေ့မှာ ထိုင်ပြီး စောင့်ပေးနေကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ လူသိလာတာရော၊ မီဒီယာတွေပေါ်ရောက်သွားတာကြောင့်ရော ဆိုင်လေးက လူသိသွားတာပါ” လို့ ခိုတောင်မုန့်တီသည် ကိုမျိုးက ဆိုပါတယ်။
ကိုမျိုး ကြည့်မြင့်တိုင်မုန့်တီလို့ အမည်ပေးဖြစ်ခဲ့တာက
ရန်ကုန်မှာ နာမည်ကြီးတဲ့ စားသောက်ဆိုင်တွေအများစုဟာ မြို့နယ်နာမည်နဲ့ တွဲပြီးလူသိများတာကြောင့် ကြည့်မြင့်တိုင်မှာ ရောင်းတဲ့ခိုတောင်မုန့်တီဖြစ်တာကြောင့် ကိုမျိုး ကြည့်မြင့်တိုင် မုန့်တီဆိုပြီး အမည်ပေးခဲ့တာလို့ဆိုပါတယ်။ ဒီဆိုင်လေးကို ကြည့်မြင့်တိုင် အနီးတစ်ဝိုက်ကစားသုံးသူတွေအပြင် မြို့နယ်ပေါင်းစုံကနေ ညဈေးက ခိုတောင်မုန့်တီဆိုင် ဘယ်မှာလဲလို့ မေးမြန်းပြီး လာစားရတဲ့အထိ နာမည်ကျော်နေတဲ့ဆိုင်လေးပါ။
ဆိုင်ဖွင့်ချိန်(၂)နာရီအတွင်း (၃) သိန်းဖိုးရောင်းရတဲ့ ခိုတောင်မုန့်တီ
ခိုတောင်မုန့်တီအပြင် နန်းတုပ်ကြီး၊ နန်းလတ်၊ နန်းပြား သုပ်တို့လည်းရနိုင်ပြီး တစ်ပွဲကို (၁၃၀၀)ကျပ် ဖြစ်ပါတယ်။ ဒါ့အပြင် အချိုပွဲအဖြစ် ခနုံထုပ်လည်း ရနိုင်ပြီး (၅)လိပ်ပါ တစ်ဘူးကို (၁၅၀၀)ကျပ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်က မနက် (၇) နာရီကနေ မနက် (၉) နာရီအထိ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန် (၂) နာရီအတွင်းမှာ ပွဲပေါင်း (၂၀၀) နီးပါးကုန်ပြီး (၃) သိန်းဖိုးလောက် ရောင်းရတယ်လို့ ဆိုပါတယ်။
“ စစရောင်းချင်းတုန်းကတော့ တစ်နေ့ကို (၅) ပိဿာလောက်ပဲ ကုန်တာပေါ့။ အခုတော့ တစ်နေ့ကို အချိန် (၂၀) လောက်ကုန်တယ်။ အရင်က (၆) နာရီခွဲဆိုဖွင့်တယ်။ စားသုံးသူတွေက သူတို့စောစောမနိုးလို့။ နိုးရင်လည်း ကုန်သွားတာနဲ့ပဲကြုံနေရတယ်ဆိုပြီးတော့ နာရီဝက်နောက်ကျပြီးမှ ဖွင့်ပေးပါဆိုလို့ (၇) နာရီစဖွင့်တယ်။ စထိုင်ကတည်းက လက်မလည်အောင်သုပ်ရတယ်။ အော်ဒါမှာတာတွေရော တန်းစီစောင့်နေတာတွေရော အလှည့်ကျသုပ်ပေးရတာပေါ့။ တစ်ခါတစ်လေလည်း စားသုံးသူတွေ စောင့်နေရတာများတော့ အားနာရပါတယ်” လို့ ကိုမျိုးက ဆိုပါတယ်။
ကိုမျိုး ကြည့်မြင့်တိုင်မုန့်တီစားချင်သူတွေအတွက်
ကြည့်မြင့်တိုင် ညဈေးအနီး ဗိုလ်သူရလမ်းမနဲ့ ပိတောက်ပင်လမ်းထောင့်မှာ စားပွဲ ခုံပုံလေးတွေနဲ့ တောင်းကလေးအနားမှာ စားသုံးသူတွေဝိုင်းနေတဲ့ဆိုင်လေးကို တွေ့ရင် အဲဒါ ကိုမျိုးရဲ့ ခိုတောင်မုန့်တီဆိုင်လေးပါ။ စမ်းချောင်း၊ ကမာရွတ်၊ အလုံ စတဲ့ အနီးအနားကမြို့နယ်တွေကိုတော့ အိမ်အရောက်ဝန်ဆောင်မှုပေးပြီး မှာယူလိုသူတွေအနေနဲ့ ၀၉-၇၅၅၁၇၇၈၀၀ သို့ တစ်ရက်ကြိုတင် ဖုန်းဆက်အော်ဒါတင်နိုင်ပါတယ်။ ဆိုင်လာစားမယ့်သူတွေအနေနဲ့ကတော့ မနက်စောစောလေး လာစားမှသာ စုံစုံလင်လင်စားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ နာမည်ကြီးနေတဲ့ ကိုမျိုးရဲ့ ခိုတောင်မုန့်တီကိုမြည်းစမ်းချင်သူတွေအတွက် မနက်စောစော အိပ်ရာထပြီး သွားစားကြဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။