ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲ့ အရှေ့ဘက်မှာ ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (စက်တင်ဘာ ၁၃ ရက်) လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့ပြီး လူအများအပြား လမ်းမတွေပေါ် ပြေးထွက်ခဲ့ကြပါတယ်။
(Photo: @rapplerdotcom/Twitter)
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကိုတော့ လတ်တလော မကြားသိရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ဟာ မနီလာမြို့မှ ၈၁ မိုင်အကွာရှိ လူနေထိုင်မှုနည်းပါးတဲ့ ပိုလီလိုကျွန်း (Polillo Island) အနီး ကမ်းလွန်မှာ ဗဟိုပြုလှုပ်ခတ်သွားကြောင်း US Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
Philippine Institute of Volcanology and Seismology ရဲ့ အဆိုအရ ငလျင်ဟာ မြေအောက်အနက် ၆.၂ မိုင်အကွာနေရာမှာ လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်မှုကြောင့် မနီလာမြို့တော်ရှိ အဆောက်အအုံများမှာ ဘေးကင်းရာသို့ ရွှေ့ပြောင်းမှုတွေလုပ်ဆောင်ခဲ့ပြီး ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းထားခဲ့ပါတယ်။
(Photo: @varsitarianust/Twitter)
လုပ်ငန်းခွင်များနဲ့ စာသင်ကျောင်းများမှလည်း ရွှေ့ပြောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ပြန်ကြားရေးဌာနက Twitter မှာ ရေးသားထားမှုအရ သမ္မတရုံးဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားခဲ့ကြောင်း သိရပါတယ်။ ဝန်ထမ်းတွေ ရုံးအဆောက်အအုံပြင်ပမှာ စုရုံးရောက်ရှိနေတဲ့ ဓာတ်ပုံတွေကိုလည်း ပြန်ကြားရေးဌာနက Twitter တင်ခဲ့ပါတယ်။
ထို့အတူ ဖိလစ်ပိုင် Polytechic University ကလည်း ငလျင်လှုပ်မှုကြောင့် သင်ကြားမှုအားလုံးကို ယနေ့ ရပ်ဆိုင်းခဲ့ကြောင်း Twitter မှာ ပြောထားပါတယ်။ အခြား စာသင်ကျောင်းတွေမှာလည်း ကျောင်းသူကျောင်းသားနဲ့ ဝန်ထမ်းများ ရွှေ့ပြောင်းခဲ့ရကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: @varsitarianust/Twitter)
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း ဖိလစ်ပိုင်မြောက်ပိုင်း Batanes ပြည်နယ်မှာ ဒေသခံအများအပြား အိပ်ပျော်နေစဉ် ရစ်ချ်တာစကေး ၅.၄ နဲ့ ၅.၉ အဆင့်ရှိ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ခဲ့မှုကြောင့် လူရှစ်ဦးထက်မနည်း သေဆုံးပြီး လူဦးရေ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်လှုပ်မှုတွေ အဖြစ်များတဲ့ ပစိဖိတ်မီးကွင်းဒေသ (Pacific 'Ring of Fire') မှာတည်ရှိနေပါတယ်။
(Map: USGS)
ဖိလစ်ပိုင်မှာ လတ်တလော ကာလအတွင်း အင်အားအပြင်းထန်ဆုံး ငလျင်အဖြစ် ယခုနှစ် ဧပြီလအတွင်း ရစ်ချ်တာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု မနီလာမြို့မြောက်ဘက် ဒေသတစ်ခုမှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးကာ စူပါမက်ကတ်တစ်ခု ပြိုကျခဲ့ကြောင်းသိရပါတယ်။ ငလျင်အန္တရာယ်ရှိတဲ့ ပစိဖိတ်မီးကွင်းနေရာဟာ ဂျပန်နိုင်ငံမှ အစပြုပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပစိဖိတ် မြစ်ဝှမ်းဒေသတစ်လျှောက်အထိ ဆက်စပ်လျက်ရှိပါတယ်။