နေ့တစ်နေ့ကို အစပြုတဲ့ မနက်ခင်းကနေ စတင်ပြီး လွဲချော်နေပြီဆိုရင် တစ်နေ့တာလုံးဟာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် မနက်ခင်းမှာ စတင်တဲ့ အကြောင်းအရာတွေ အပြုအမူတွေဟာ အလွန်အရေးကြီးပါတယ်။ မနက်ခင်းကနေ စတင်တဲ့ စိတ်ဟာ တစ်နေ့တာလုံးကို ကိုယ်စားပြုတာဖြစ်တဲ့အတွက် မနက်ခင်းမှာ ဘယ်လိုအပြုအမူတွေ၊ ဘယ်လိုစိတ်ထားတွေ ထားသင့်သလဲ လုပ်ဆောင်သင့်သလဲဆိုတာကို ခု ပြောပြပေးချင်ပါတယ်။
အိပ်ယာစောစောထပါ
အိပ်ယာစောစောထဖို့ဆိုတာကတော့ လူတိုင်းအတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခက်သလားဆိုတော့လည်း ထင်သလောက် မခက်တာကို တွေ့ရပါတယ်။ အရေးကြီးတာက အကျင့်ပြုလုပ်ဖို့ပဲ လိုတာပါ။ အိပ်ယာစောစော ထတဲ့ အကျင့်ကို ပြုလုပ်ဖြစ်သွားပြီဆိုရင် နောက်ပိုင်းတွေမှာ အဆင်တပြေဖြစ်သွားတာကို တွေ့ရမှာပါ။ မနက်ခင်းကို နောက်ကျမှ နိုးထတဲ့ သူတွေအတွက် တစ်နေ့တာမှာ အချိန်မလောက်တာ၊ ရုံးနောက်ကျတာ စတာတွေ ဖြစ်နိုင်ပါတယ်။ မနက်ခင်းစောစောနိုးထမှုဟာ စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ တစ်နေ့တာမှာ စိတ်လက်ကြည်ကြည်လင်လင်နဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ချင်တယ်ဆိုရင်တော့ မနက်ခင်းကို စောစောနိုးထတဲ့ အကျင့်ကို ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဖုန်းမကြည့်ပါနဲ့
မိန်းကလေးတွေ တော်တော်များများ မနက်ခင်းနိုးထကြတဲ့အခါ ပထမဆုံး ပြုလုပ်မိတဲ့ အပြုအမူက ဖုန်းကြည့်ဖြစ်ကြတာများပါတယ်။ ဒီအပြုအမူဟာ လွဲမှားတယ်လို့ ပြောလို့တော့ မရနိုင်ပေမယ့် မှန်ကန်တဲ့ လုပ်ရပ်တော့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က ကိစ္စရပ်တွေဟာ များသောအားဖြင့် စိတ်ရှုပ်စရာ ၊ စိတ်ညစ်စရာ များပါတယ်။ ဖုန်းကို မနက်လင်းလင်းချင်း ထကြည့်မိတဲ့ သူအဖို့ ဖုန်းကြည့်တဲ့ အလုပ်၊ Newfeed ပွတ်တဲ့ အလုပ်နဲ့တင် မနက်ခင်းအချိန်တော်တော်များများကို ဖြုန်းတီးမိသွားပါတယ်၊ ဘာမဟုတ်တဲ့ အရာတွေနဲ့ အချိန်ဖြုန်းတီးမိတဲ့အခါမှာ နောက်ဆက်လုပ်ရမယ့် ကိစ္စတွေက အချိန်တွေ မလောက်ငတော့လဲ အသည်းအသန်ဖြစ်တတ်ကြရပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ မနက်ခင်းကို ဖုန်းနဲ့ အချိန်ကုန်သွားတာမျိုး မဖြစ်စေဖို့ သတိပြုပါ။
အားကစားလုပ်ပါ
မနက်အိပ်ယာစောစော ထပြီးပြီဆိုရင် ဖုန်းလည်း မကြည့်ဘဲနဲ့ ၁၅မိနစ်လောက် ကိုယ်လက် အားကစားချိန်ယူပြီး ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ပြုလုပ်ပေးသင့်ပါတယ်။ အားကစားလုပ်ပေးခြင်းအားဖြင့် ချွေးပုပ်ချွေးညစ်တွေကို ထွက်သွားစေပြီး စိတ်ကို လန်းဆန်းစေပါတယ်။ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရရှိစေနိုင်တဲ့ အရာဖြစ်တဲ့အတွက် မနက်ခင်းမှာ ကိုယ်ကာယလေ့ကျင့်ခန်းကို ၁၅မိနစ်လောက် အချိန်ပေးပြီး အားကစားလုပ်ကြည့်ပါ။
တရားထိုင်ပါ
မနက်ခင်းကို ဖြစ်နိုင်မယ်ဆိုရင် ၁၅မိနစ်လောက် တရားထိုင်တာမျိုး လုပ်ပေးသင့်ပါတယ်။ တရားထိုင်ခြင်းက စိတ်ကို တည်ငြိမ်စေပြီး ဆုံးဖြတ်ချက် ချမှတ်ရာမှာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တို့ကို ချမှတ်နိုင်စွမ်းရှိပါတယ်။ သမာဓိအားကောင်းစေတဲ့ အရာဖြစ်တဲ့အတွက် စိတ်ကို တည်ငြိမ်စေရုံသာမက ရုပ်ကိုလည်း ကြည်လင်စေပါတယ်။ တစ်နေ့တာလုံးအတွက် ကိုယ်ရော စိတ်ပါ ကြည်ကြည်လင်လင်ဖြစ်ချင်တယ်ဆိုရင်တော့ မနက်ခင်းကို ၁၅ မိနစ်လောက် အချိန်ပေးပြီး တရားထိုင်တဲ့ အကျင့်ကလေးကို လုပ်ယူကြည့်ပါ။ ဘာသာတရားအရ မလုပ်ချင်ဘူးဆိုရင်တောင်မှ Yoga လိုပုံစံမျိုး ၁၅မိနစ်လောက် အချိန်ပေး လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။
တစ်နေ့တာ လုပ်စရာတွေကို ချရေးပါ
မနက်ခင်းကနေစပြီး ကိုယ့်တစ်နေ့တာတွေကို ဘာလုပ်ရမယ်ဆိုတာမျိုးတွေ ချရေးလိုက်သင့်ပါတယ်။ ဒါမှသာ တစ်နေ့တာရဲ့ လုပ်စရာရှိသမျှကို အစီအစဥ်တကျ၊ စနစ်တကျ လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ဘဲ ဒီတိုင်း စိတ်ရှိရာ လုပ်နေမယ်ဆိုရင် အလုပ်တွေ အစီအစဥ်မကျတာ ၊ လုပ်စရာတွေ မပြီးစီးတာ ၊ လုပ်စရာတွေ ကျန်ခဲ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ရုံးဝန်ထမ်းမို့ ရုံးသွားဖို့ ပြင်ရတာ ဆင်ရတာတွေကြောင့် အိမ်မှာ တစ်နေ့တာ လုပ်စရာရှိတာတွေကို ချရေးဖို့ အချိန်မရဘူးဆိုရင်တောင် ရုံးသွားနေတဲ့ လမ်းမှာ ကိုယ်တစ်နေ့တာ လုပ်စရာရှိတာတွေကို စာအုပ်မှာ ဒါမှမဟုတ် ဖုန်းမှာချရေးသွားလို့ ရပါတယ်။
စာရေးသူတစ်ယောက်ဖြစ်တဲ့ ရွှေပိုးအိမ် (ပဲခူး) ကတော့ မနက်ခင်းစတင်ချိန်မှာ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြောင်းကို Duwun ကို ခုလိုေပြာပြပါတယ်။
"မနက်မိုးလင်းလင်းချင်း ပထမဆုံး စလုပ်သင့်တာက ရေဖန်ခွက်တစ်ခွက်ကို သောက်သုံးဖို့ပါပဲ။ ရေသောက်တာက တစ်ညတာလုံး ကုန်ခမ်းသွားတဲ့ အားအင်တွေနဲ့ တစ်နေ့တာ အစပြုဖို့အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးတယ်။ ရေသောက်ခြင်းက တစ်ညလုံး အိပ်ထားလို့ မှိုင်းနေတဲ့ ဦးနှောက်ကိုလည်း လန်းဆန်းစေတယ်။ ပြီးရင် ယောဂကျင့်တာဖြစ်ဖြစ်၊ ခါးကွင်းလှည့်တာ၊ ခပ်ရွရွ ပြေးတာစတဲ့ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်သင့်ပါတယ်။ ရှောင်ကြဥ်သင့်တာကတော့ မနက်စာ မစားဘဲ နေခြင်းပါပဲ။ မနက်စာဟာ ကိုယ် ဖြတ်သန်းရမယ့် တစ်နေ့တာလုံးအတွက် အဓိက အရေးကြီးတဲ့ အင်အားဖြည့်ခြင်းပဲ ဖြစ်ပါတယ်။ မနက်စာလွတ်သွားခြင်းက ၀ိတ်တက်စေနိုင်တဲ့အပြင် ကိုယ်လုပ်ရမယ့် အလုပ်တွေအပေါ်လည်း ပြည့်ပြည့်၀၀ အာရုံစိုက်နိုင်ခြင်းကို လျော့ကျစေပါတယ်။ နောက်ထပ် လုပ်ဖြစ်တာကတော့ မနက်တိုင်းမှာ ကုသိုလ်တစ်ခုခုနဲ့ နေ့သစ်တစ်ခုကို စတင်ချင်လို့ မိဘတွေနဲ့ မိသားစုတွေ သုံးတဲ့ အိမ်သာကို ကြည်လင်တဲ့ စိတ်နဲ့ ဘုရားစာတစ်ခုခုရွတ်ရင်း ဆေးလေ့ရှိပါတယ်။ ရုံးသွားတဲ့ လမ်းတစ်လျှောက်မှာလည်း ကူညီနိုင်တဲ့ အရာမှန်သမျှ ကူညီဖို့ တွေးတယ်။ ကလေးငယ်လေးတစ်ယောက်ရဲ့ ပါးပြင်က သနပ်ခါးလေးကအစ လမ်းဘေးမှာ ပေါက်နေတဲ့ မြက်ရိုင်းပန်းပွင့်တွေလေးတွေအဆုံး ကမ္ဘာကြီးရဲ့ ချစ်စရာကောင်းတဲ့ အရာမှန်သမျှကို ချစ်တဲ့စိတ်နဲ့ ခံစားကြည့်လေ့ရှိပါတယ်။ အဲ့ဒီအချိန်တွေမှာ တတ်နိုင်သမျှ ဖုန်းမသုံးခြင်းလိုမျိုး Visual World နဲ့ ဝေးနိုင်သမျှဝေးအောင် သဘာ၀တရားနဲ့ နီးနိုင်သမျှနီးအောင်နေပါတယ်။"
ရေများများသောက်ပါ
မနက်ခင်း ဖုန်းကိုင်တာမျိုးမလုပ်မိဖို့ သတိပေးထားသလိုမျိုး မနက်ခင်းကို ရေသောက်ဖို့ မမေ့ပါနဲ့လို့ သတိပေးပါရစေ။ မနက်ခင်းရေများများသောက်ခြင်းဟာ အူတွင်းကလီစာတွင်းက အညစ်အကြေးတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ တကယ်တော့ မနက်ခင်းတင်တောင် မကပါဘူး။ တစ်နေ့လုံး သတိရချိန်တိုင်း ရေသောက်ဖို့ အကြံပေးချင်ပါတယ်။ ရေသောက်ခြင်းဟာ ကိုယ်တွင်းကျန်းမာရေးကို ကောင်းမွန်စေရုံသာမက အသားအရေကိုပါ ကြည်လင်လှပလာစေတာကြောင့် အမျိုးသမီးတွေအနေနဲ့ ရေသောက်တဲ့ အကျင့်လေးကို မနက်ခင်းတင်သာမက တစ်နေ့လုံး ပြုလုပ်ပါ။
Tori Cosmetics တည်ထောင်သူတစ်ဦးဖြစ်တဲ့ မဟန်းနီကတော့ သူ့ရဲ့ မနက်ခင်းအစပြုပုံအကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။
"မနက်ဆိုရင် အစ်မက စောစောထတတ်တဲ့ အကျင့်ရှိတယ်။ မနက်နိုးထလာရင် ကလေးတွေရဲ့ မနက်စာကို စီစဥ်တယ်၊ ကလေးတွေရော အစ်မရော မနက်စာတွေ ဘာတွေ စားပြီးမှ အလုပ်မေးလ်ကို စစ်တယ်၊ အိပ်ယာကနိုးနိုးချင်း မေးလ်မစစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့တာ အစပြုတာကို ပြဿနာတွေနဲ့ အစမပြုချင်ဘူး။ အစ်မ အရာအားလုံးအဆင်သင့်ဖြစ်ပြီ အေးဆေးဖြစ်ပြီဆိုမှ အလုပ်မေးလ်ကို စစ်တယ်။ ပြီးမှ Appoinment ယူထားတာတွေကြည့်တယ်။ မိတ်ကပ်အလုပ်တွေကို စလုပ်တယ်။ မိတ်ကပ် Content တွေရေးတယ်။ အစ်မရဲ့ တစ်နေ့တာကို စိတ်ရှုပ်စရာတွေနဲ့ မစတင်ချင်ဘူး။"
ဒီလို ကိုယ့်ရဲ့ မနက်ခင်းကို စိတ်သက်သာရာရပြီး အဆင်ပြေချောမွေ့နေစေမှ ကိုယ့်ရဲ့ တစ်နေ့တာဟာလည်း အဆင်ပြေချောမွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာအတွက် အလွန်ကို အရေးကြီးတဲ့ မနက်ခင်းကို ကိုယ့်စိတ်ကြည်လင်လန်းဆန်းနေအောင် နိုးထကြဖို့ တိုက်တွန်းလိုက်ပါရစေ။