“ဟုတ်ပါတယ်။ မနက်ဖြန်ကစပြီး ပိတ်မှာပါ။ ဒီနေ့ပဲ ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီက ကျောင်းတွေကို ပိတ်သိမ်းဖို့ ဝန်ကြီးဌာနကိုအကြောင်းကြားလာပါတယ်။ ဆရာတို့ဘက်ကလည်း ဒီနေ့ပဲတရားဝင် စာထုတ်ပြန်မှာပါ။ လက်ရှိကတော့ ကျောင်းတွေလည်း ပြင်ဆင်လို့ ရအောင် ဖုန်းနဲ့ အကြောင်းကြားထားတွေရှိတယ်” လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။
တစ်နိုင်ငံလုံးက အစိုးရကျောင်းတွေအပါအဝင်၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျာင်းတွေအားလုံးပါ ပိတ်ထားရမှာဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း အခြေခံပညာအထက်တန်းအဆင့်ကျောင်းတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီ ဇူလိုင်(၂၁)ရက်နေ့ကဖွင့်လှစ်ခဲ့တာပါ။
အထက်တန်းအဆင့်တွေဖွင့်လှစ်ပြီးမှ ရောဂါကူးစက်ပျံ့ပွားမှုအခြေအနေကိုကြည့်ကာ အလယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းတွေဖွင့်လှစ်ဖို့ လျာထားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါပိုးကူးစက်မှုက မြန်ဆန်လျှက်ရှိနေတာကြောင့် ဖွင့်လှစ်ထားတဲ့ အထက်တန်းအဆင့် ကျောင်းတွေကိုပါ ယာယီပြန်လည်ပိတ်သိမ်းလိုက်တာဖြစ်ပါတယ် ။ ယာယီပိတ်သိမ်းတာဖြစ်တဲ့ အတွက် အချိန်ကာလအားဖြင့် ဘယ်လောက်ကြာမလဲဆိုတာ မသိဘူးလို့ ဦးတင်မောင်ဝင်းကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ နောက်ပိုင်းကတည်းက ရောဂါကူးစက်မှု ပျံ့နှံ့နေတဲ့အတွက်အတွက် ပြည်နယ်တစ်ခုလုံးကကျောင်းတွေကို သြဂုတ်လ(၂၀)ရက်နေ့ ကတည်းကပိတ်ထားခဲ့ပြီးဖြစ်ကာ တစ်နိုင်ငံလုံးက ကျောင်းတွေကိုတော့ မနက်ဖြန်ကစပြီး ပိတ်မှာဖြစ်ပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘက ကျောင်း (၆၅၂၆)ကျောင်းရှိတယ်လို့ သိရပါတယ်။