ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ရာနဲ့ချီတဲ့ အမျိုးသားတွေကို မုဒိမ်းကျင့်ခဲ့သူ အင်ဒိုနီးရှားအမျိုးသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာပြစ်မှုများအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
(တရားရုံး ကြားနာစစ်ဆေးမှု မြင်ကွင်းကို ပုံဖော်ရေးဆွဲထားစဥ်) (Image: Julia Quenzler/SWNS.COM)
ယမန်နေ့ (ဇန်နဝါရီ ၆ ရက်နေ့) က ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တဲ့ အသက် ၃၆ နှစ်အရွယ် Reynhard Sinaga အမည်ရှိ ထိုအမျိုးသားဟာ ၂ နှစ်ခွဲအတွင်း အမျိုးသား ၁၅၉ ဦးထက်မနည်းကို လိင်ပိုင်းကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်း The Guardian သတင်းမှာ ဖော်ပြပါတယ်။
၎င်းဟာ အစောပိုင်း တရားခွင်နှစ်ခုမှာ စစ်ဆေးကြားနာခဲ့မှုတွေအရ အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ ကျခံရမယ့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်များ ချမှတ်ခံထားရပြီးသူလည်း ဖြစ်ပါတယ်။ ယမန်နေ့မှာတော့ တတိယနဲ့ စတုတ္တမြောက် တရားရုံးကြားနာစစ်ဆေးမှုတွေအတွက် နောက်ထပ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
(မုဒိမ်းသမား Sinaga) (Photo: Reynhard Sinaga/Facebook)
ထိုကြားနာစစ်ဆေးမှုမှာ Reynhard Sinaga ဟာ နောက်ထပ် အမျိုးသား ၂၃ ဦးကို လိင်ပိုင်းကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ Sinaga က အမျိုးသား ၁၉၀ ထက်မနည်းကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ တရားရုံးကြားနာစစ်ဆေးမှုတွေအရ Sinaga ဟာ မုဒိမ်းမှု ၁၃၆ မှု၊ မုဒိမ်းကျင့်ရန်ကြံစည်မှု ၈ မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၁၄ မှု အပါအဝင် စုစုပေါင်း လိင်ပိုင်းဆိုင်ရာပြစ်မှု ၁၅၉ မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
(Sinaga ရဲ့ တိုက်ခန်းအတွင်း မြင်ကွင်း) (Photo: Greater Manchester Police)
Sinaga မုဒိမ်းမှုကျူးလွန်ခံရသူ အများစုဟာ အသက် ၂၀ ဝန်းကျင်အရွယ် ငယ်ရွယ်တဲ့အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ Sinaga က မန်ချက်စတာမြို့ရှိ ၎င်းရဲ့တိုက်ခန်းအနီး နိုက်ကလပ်နဲ့ ဘားဆိုင်တွေ အပြင်ဘက်မှာ စောင့်ဆိုင်းပြီး ပြန်ထွက်လာတဲ့ အမျိုးသားကို ချဥ်းကပ်ကာ အရက်ထပ်သောက်ရန် သို့မဟုတ် အိပ်ရန်နေရာတစ်ခုသို့ လိုက်ပို့မယ်လို့ ပြောဆိုစည်းရုံးလေ့ရှိကြောင်း သိရပါတယ်။
ထို့နောက် Sinaga က ၎င်းခေါ်ဆောင်လာတဲ့ အမျိုးသားကို အရက်ထပ်တိုက်ပြီး မူးယစ်ဆေး သို့မဟုတ် မေ့ဆေးခတ်ကာ မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာတော့ Sinaga မုဒိမ်းကျင့်ရန် ပြင်ဆင်နေစဥ် သတိပြန်ရလာတဲ့ အမျိုးသားတစ်ဦးက ၎င်းကို တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာမှ Sinaga ကို ဖမ်းဆီးရမိခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။
(Sinaga ရဲ့ တိုက်ခန်းမှာတွေ့ရသည့် အရက်ပုလင်းများ) (Photo: Greater Manchester Police)
ထို့နောက် ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုတွေအရ Sinaga ရဲ့ ဖုန်းအတွင်း မုဒိမ်းကျင့်မှု မှတ်တမ်းဗီဒီယို အများအပြားကိုလည်း တွေ့ရှိခဲ့ရပါတယ်။ Sinaga ရဲ့ တိုက်ခန်းမှာ ပမာဏ 3.29 terabytes ရှိ လိင်ပိုင်းကျူးလွန်မှုမှတ်တမ်း DVD အချပ်ရေ ၂၅၀ သို့မဟုတ် ဓာတ်ပုံပေါင်း ၃၀၀,၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Sinaga ထံမှ သိမ်းဆည်းရမိတဲ့ လိင်ပိုင်းကျူးလွန်မှု မှတ်တမ်းဗီဒီယိုတစ်ခုဟာ အချိန်ရှစ်နာရီအထိ ကြာမြင့်တယ်လို့ ဆိုပါတယ်။ ၎င်းဟာ ဗြိတိန်တရားစီရင်ရေးသမိုင်းတစ်လျှောက် မုဒိမ်းမှုအများဆုံး ကျူးလွန်ခဲ့တဲ့ မုဒိမ်းသမားဖြစ်ကြောင်း Crown Prosecution Service (CPS) က ပြောပါတယ်။