နာမည်ကျော်ဘောလုံးကလပ်အသင်းတွေမှာလည်း Esports ပါတနာတွေအသီးသီးရှိကြပြီး အခုတစ်ခါကတော့ မန်စီးတီးရဲ့ ခြေလှမ်းဖြစ်ပါတယ်။

  Esports Industry ဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားဖွံ့ဖြိုးလာတာကြောင့် ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် မျက်စိကျစရာဈေးကွက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။


လက်ရှိ Esports Industry ထဲမှာ ကမ္ဘာကျော်ကုန်ပစ္စည်းဘရန်းတွေအများကြီးက ရင်းနှီးမြှုပ်နှံထားသလို ကမ္ဘာကျော်ဘောလုံးအသင်းတွေကလည်း Esports Industry ထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ ဥပမာဆိုရင် တရုတ် Dota2 အသင်း LGD ကို စပွန်ဆာပေးထားတဲ့ Paris Saint-Germain(PSG) ဘောလုံးအသင်း၊ ဥရောပအခြေစိုက် Esports Organization တစ်ခုဖြစ်တဲ့ Fnatic နဲ့ ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲထားတဲ့ AS Roma၊ ကိုယ်ပိုင် League Of Legends အသင်းထောင်ထားတဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါအသင်း Schalke နဲ့ ကိုယ်ပိုင် Rocket League အသင်းထောင်ထားတဲ့ Barcelona အသင်းတို့ကို ပြရမှာပါပဲ။



ယခုတစ်ခါမှာလည်း ကမ္ဘာကျော်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ Manchester City အသင်းက အမေရိကန်အခြေစိုက် Esports Organization FaZe Clan နဲ့ လက်တွဲလိုက်ပြီဖြစ်ကြောင်း မကြာသေးခင်ကမှ ကြေညာလိုက်ပါတယ်။


         FaZe Clan ဆိုတာ ၂၀၁၀ ဝန်းကျင်ကာလလောက်တုန်းက Call Of Duty ကစားသမားတွေ အတူကစားဖို့ အသင်းဖွဲ့ရင်းကနေ ဖြစ်တည်လာခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ Housecat, ClipZ, Resistance ဆိုတဲ့ Call Of Duty ကစားသမား ၃ ယောက် Youtube ကနေ စတင်ခဲ့တဲ့ FaZe Clan ဟာ ဆယ်စုနှစ်တစ်ခုနီးပါးအကြာမှာတော့ ကမ္ဘာ့အကြီးဆုံး Esports Organization ထဲက တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။


Faze Clan မှာ Call Of Duty, CS:GO, FIFA, Fortnite, PUBG, Rainbow Six Siege ဂိမ်းတွေရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေရော၊ Streamer တွေရောအများအပြားရှိပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေမှာ Follower အများဆုံး Esports Organization လည်းဖြစ်ပါတယ်။


         Manchester City နဲ့ FaZe Clan တို့ကြားက သဘောတူညီချက်တွေကို အတိအကျထုတ်ပြန်မထားပေမယ့် သိရသလောက်တော့ အဖွဲ့အစည်းနှစ်ခုပေါင်းပြီး ကစားသမားအသစ်တွေကို မိတ်ဆက်ပေးမယ်၊ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်နဲ့တွေ့ဆုံပွဲတွေကျင်းပပေးမယ်၊ နောက်ပြီး Manchester City အသင်းရဲ့ တရုတ်နိုင်ငံမှာရှိတဲ့ FIFA Online ကစားသမားတွေနဲ့ FaZe Clan က FIFA ကစားသမားတွေကို အဆောက်အဦတစ်ခုတည်းမှာ အတူထားပြီး လေ့ကျင့်ပေးသွားမယ့်အပြင် သူတို့ဘရန်းနှစ်ခုပေါင်းထားတဲ့ Limited Edition ထုတ်ကုန်တွေကို ရောင်းချသွားမှာပဲဖြစ်ပါတယ်။

         City Football Group ရဲ့ Chief Marketing Officer ဖြစ်သူ Nuria Tarre က မန်ချက်စတာစီးတီးအသင်းနဲ့ FaZe Clan တို့ရဲ့ ပူးပေါင်းမှုနဲ့ပတ်သတ်ပြီး "Esports ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အားကစားအမျိုးအစား အများကြီးထဲကမှ ကြည့်ရှုသူ အမြောက်အများကို အချိန်တိုအတွင်းမှာ အမြန်ဆုံးရရှိခဲ့တဲ့ အားကစားဖြစ်ပါတယ် ... FaZe Clan နဲ့လက်တွဲရတာဟာလည်း Manchester City အသင်း Esports ခရီးစဉ်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ စာမျက်နှာသစ်တစ်ခုဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။


         FaZe Clan ရဲ့ CEO ဖြစ်သူ Lee Trink ကလည်း "မန်စီးတီးအသင်းနဲ့ လက်တွဲခွင့်ရတာဟာ Esports နဲ့ စိမ်းနေသေးတဲ့သူတွေကို ရင်းနှီးလာအောင် ထိတွေ့ပေးဖို့အတွက် အခွင့်အရေးရတာနဲ့ အတူတူပါပဲ... FaZe Clan အနေနဲ့လည်း အံ့သြစရာကောင်းသလို အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံအသစ်တွေကို ပရိသတ်တွေရှေ့မှောက်ချပြပြီး Esports ရဲ့နယ်ပယ်ကို ဆက်လက်ချဲ့ထွင်သွားမှာဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က