မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် တရားဝင်ခန့်အပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ကလေးမျက်နှာနဲ့ လူသတ်သမားလို့ ကစားသမားဘဝမှာ နာမည်တွင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်းဟာ အသင်းဟောင်းကို စိတ်အေးလက်အေးနဲ့ ကိုင်တွယ်ခွင့်ရရှိသွားခဲ့တာပါ။ (၃)လကျော်ကြာ အသင်းကို ကိုင်တွယ်အပြီးမှာပဲ ဆိုးလ်ရှားက နည်းပြရာထူးကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအတွက်တော့ သူ့ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာပါ။ ဆိုးလ်ရှားက အသင်းမှာ ၁၉၉၆ ကနေ ၂၀၀၇ ခုနှစ်အထိ ကစားပေးခဲ့ပြီးတော့ သူ့ဘဝမှာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်ရပ်တွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Super-sub တစ်ဦး မွေးဖွားခဲ့ခြင်း
၁၉၉၆ ခုနှစ်၊ ဇူလိုင်မှာ ဆိုးလ်ရှားကို နော်ဝေကလပ် မိုလ်ဒီကနေ ဖာဂူဆန်က ပေါင် ၁.၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ သြဂုတ်လ (၂၅)ရက်နေ့မှာ ကစားခဲ့တဲ့ ဘလက်ဘန်းနဲ့ပွဲမှာပဲ ဆိုးလ်ရှားက အရန်ခုံကနေ ထလာပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲထွက်ခွင့်ရပြီး (၆)မိနစ်အကြာမှာပဲ ယူနိုက်တက်အတွက် ပထမဆုံးဂိုးကို လူစားဝင်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ပွဲက နောက်ကျအနိုင်ဂိုး
ယူနိုက်တက်တို့ ဖလားသုံးလုံးတစ်ပြိုင်တည်း ရရှီခဲ့တဲ့ နှစ်မှာပဲ ဆိုးလ်ရှားက အက်ဖ်အေဖလားပြိုင်ပွဲမှာ လီဗာပူးလ်ကို နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲအဖြစ် ကစားခဲ့တာဖြစ်ပြီး မိုက်ကယ်အိုဝင်ရဲ့ ဦးဆောင်ဂိုးကို ဒွိုက်ယော့ခ်က ပြန်လည်ချေပခဲ့ပြီး ဆိုးလ်ရှားက နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
(၁၂)မိနစ်အတွင်း (၄) ဂိုး
၁၉၉၉ ခုနှစ်ဖေဖော်ဝါရီလအတွင်းက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ယူနိုက်တက်က (၈-၁) နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲကစားချိန် (၁၉)မိနစ်သာ ကျန်ရှိတော့တဲ့အချိန်မှာ ယူနိုက်တက်က (၄-၁) နဲ့ ဦးဆောင်နေခဲ့ပြီး ဆိုးလ်ရှားကို ဖာဂီက လူစားလဲလှယ်ထည့်သွင်းခဲ့ပါတယ်။ ဆိုးရှားလ်က လူစားဝင်လာပြီးနောက် (၄) ဂိုးသွင်းယူခဲ့ကာ လူစားဝင်ခဲ့ပြီး ဂိုးအများအပြားသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်မှော်ဝင်ည
အားလုံးသိထားကြတဲ့ နာမည်ကျော် ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲပါ။ ဘိုင်ယန်မြူးနစ်ရဲ့ ၁-၀ နဲ့ ဦးဆောင်မှုကို လက်ကျန်ပွဲချိန် (၃)မိနစ်အထိ ယူနိုက်တက်တို့ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တက်ဒီရှရင်ဂမ် နဲ့ ဆိုးလ်ရှားတို့က (၃)မိနစ်အတွင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကို တစ်ရာသီအတွင်း ဖလား(၃)လုံးကို ဆွတ်ခူးစေခဲ့ပါတယ်။ ဆိုးလ်ရှားကလည်း အသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့ပြီး ဒီနေ့ထက်တိုင် အဆိုပါပွဲက ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ တသသနဲ့ ပြောစရာအဖြစ် ရှိနေခဲ့ပါတယ်။
ပဲရစ်မြို့ကို သိမ်းပိုက်ခဲ့တဲ့ ဆိုးလ်ရှား
ဒီနှစ်ဘောလုံးရာသီမှာ ဆိုးလ်ရှားက ယာယီနည်းပြအဖြစ် ယူနိုက်တက်ကို တာဝန်ယူပေးခဲ့ပြီးနောက် ပဲရစ်မှာ မထင်မှတ်ဖွယ်နိုင်ပွဲကို ရယူပေးခဲ့တာပါ။ ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ (၂-ဝ) နဲ့ အရေးနိမ့်ထားခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယအကျော့အဖြစ် အဝေးကွင်းမှာ သွားကစားခဲ့ရပြီး လူကာကူရဲ့ သွင်းဂိုး (၂)ဂိုးကို ရရှိခဲ့ပြီး ပီအက်စ်ဂျီက ချေပဂိုးတစ်ဂိုးပြန်သွင်းတာ ခံခဲ့ရပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ်အထိ ယူနိုက်တက်ဟာ နောက်တဆင့်ကိုတက်ရောက်ဖို့ လိုအပ်တဲ့ သွင်းဂိုးမရပဲ ဖြစ်နေခဲ့ပြီးနောက်မှာ ပယ်နယ်တီအခွင့်အရေးရရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်က အပိုင်ကန်သွင်းကာ ပီအက်စ်ဂျီကို နောက်ကောက်ချပစ်နိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကပဲ ဆိုးလ်ရှားကို အခုလို အမြဲတမ်းနည်းပြဖြစ်လာစေဖို့ သေချာစေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။