မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒုတိယဦးစားပေးဂိုးသမားအဖြစ် ရှိနေပေမယ့်လည်း အာဂျင်တီးနားဂိုးသမား ရိုမီယိုဟာအသင်းမှာဆက်ရှိနေဖို့ပဲ ဆုံးဖြတ်ထားတယ်လို့ The Sun ကဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ အာဂျင်တီးနားဂိုးသမား ရိုမီယိုဟာ ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးဂိုးသမားအဖြစ်သာ ကစားနေရပါတယ်။ ဒီအခြေအနေဟာ ကစားသမားတစ်ယောက်အတွက် ကောင်းမွန်တဲ့အနေအထားမဟုတ်ပေမယ့်လည်း ရိုမီယိုက အသင်းမှာပဲဆက်ရှိနေမယ်လို့ The Sun ကဖော်ပြခဲ့ပါတယ်။ ရိုမီယိုဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လေးပွဲသာပွဲထွက်ကစားခွင့်ရထားပြီး ပွဲထွက်ခွင့်ပျောက်ဆုံးနေပါတယ်။ အသက် ၃၁နှစ်အရွယ် ရိုမီယိုဟာ လက်ရှိသူ့အခြေအနေနဲ့ပတ်သက်ပြီး နည်းပြသစ် ဆိုးလ်ရှားနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။
ရိုမီယိုကို စပိန်နဲ့အီတလီကလပ်တွေကစိတ်ဝင်စားနေပြီး အာဂျင်တီးနားကလပ် ဘိုကာဂျုနီယာအသင်းကလည်း ခေါ်ယူဖို့အတွက်စောင့်ကြည့်နေပါတယ်။ ရိုမီယိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင်ခြောက်သောင်းခွဲရနေပြီး ၂၀၁၅ဘောလုံးရာသီက စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းကနေပြောင်းရွှေ့လာသူပါ။ ရိုမီယိုအနေနဲ့ နည်းပြဆိုးလ်ရှားကို ပွဲထွက်ခွင့်ပိုပေးဖို့တောင်းဆိုထားပြီး ညှိုနှိုင်းမှုအဆင်မပြေရင်တော့ ကမ်းလှမ်းမှုတွေကိုလက်ခံစဉ်နိုင်တယ်လို့ သူ့ရဲ့အေးဂျင့်ကလည်းပြောပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဘုတ်အဖွဲ့အနေနဲ့ ရိုမီယိုအတွက် သင့်လျော်တဲ့ပြောင်းရွှေ့ကြးရခဲ့မယ်ဆိုရင် ရောင်းထုတ်နိုင်တယ်လို့လည်း အင်္ဂလန်မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားဟာ နိုင်ငံအသင်းအတွက်လည်း ပွဲပေါင်း ၉၆ပွဲအထိကစားထားပြီး ကိုပါအမေရိကဖလားမှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရဖို့လည်းမျှော်လင့်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကတော့ ရီးယဲလ်မက်ဒရစ်ကစိတ်ဝင်စားနေတဲ့ လက်ရှိ ပွဲထွက်ဂိုးသမား ဒီဂီယာရဲ့အပြောင်းအရွှေ့အခြေအနေကိုစောင့်ကြည့်ပြီးမှ ရိုမီယိုအပြောင်းအရွှေ့ကို လက်ခံစဉ်းစားဖွယ်ရှိနေပါတယ်။