ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကရာဘောင်ဖလားပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ မန်ချက်စတာယူနိုက်တက်အသင်းကို သတိပေးပြောကြားခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယယ်။
ယခုရာသီပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့စဉ်က မန်ချက်စတာယူနိုက်တက်အသင်းက ချယ်ဆီးအသင်းကို ၄-၀ နဲ့ အပြတ်အသတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယင်းပွဲစဉ်ပြီးကတည်းက ဆိုးရွားတဲ့ရလဒ်တွေကို ရင်ဆိုင်နေရတာဖြစ်ပေမယ့်လည်း ချယ်ဆီးအသင်းကတော့ ပြည်တွင်းမှာရော၊ ဥရောပမှာပါ အထင်ကြီးဖွယ်ခြေစွမ်း ပြသနေတာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်မတိုင်မီ ချယ်ဆီးအသင်းဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ချယ်ဆီးနဲ့ ၇ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ချယ်ဆီးနည်းပြဖရန့်လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားရမယ့်ပွဲစဉ်အတွက် အပြောင်းအလဲတွေ ပြုလုပ်သွားမှာဖြစ်ပေမယ့် ၎င်းရဲ့အသင်းဟာ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အပြောင်းအလဲတွေ ပြုလုပ်ခဲ့မယ်ဆိုရင်တောင် ဒီပွဲကို ပေါ့ပေါ့လေး ရင်ဆိုင်သွားမှာမဟုတ်ပါဘူး”
“ယူနိုက်တက်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာက ကျွန်တော်တို့က မိုင်သန်းပေါင်းများစွာ ကွာဝေးသွားသလို ခံစားရစေပါတယ်။ ဒါပေမယ့် အဲဒီဟာကို လျစ်လျူရှုသွားမှာမဟုတ်ပါဘူး။ သူတို့တွေ ကျွန်တော်တို့ ပုံမှန်အားဖြင့်ကောင်းကောင်းကစားနိုင်ခဲ့တဲ့ပွဲတစ်ပွဲထဲမှာ ၄ ကြိမ်အထိ နာကျင်အောင် လုပ်ခဲ့တယ်”
“ကျွန်တော်တို့ ဆုဖလားအားလုံးကို ပစ်မှတ်ထားမှာပါ။ ကရာဘောင်ပြိုင်ပွဲက အစောဆုံးယှဉ်ပြိုင်ရတဲ့ပွဲစဉ်ဖြစ်ပြီး ကွာတားဖိုင်နယ်ကို စောစောစီးစီးရောက်နိုင်ခြေရှိပါတယ်”
“အဲဒါက ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါလိမ့်မယ်။ ဝင်ဘလေမှာ ကစားရတဲ့နေ့ကို ဘယ်တော့မှ ပေါ့ပေါ့လေးတွက်ထားလို့မရနိုင်ပါဘူး။ ဒါပေမယ့် ချာတိတ်တွေအတွက်ချည်းပဲမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ရှိသမျှအရာအားလုံးပေးရမှာပါ”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။