MNA လေယာဉ်ဖြစ်စဉ်မှာ ရှေ့ဘီးမကျပေမယ့် မြေပြင်ကို အန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို ခရီးသည်တွေက ဂုဏ်ပြုပွဲကျင်းပပေးမယ်လို့ သိရပါတယ်။
(မေလ ၁၄ ရက်က ဂုဏ်ပြုပွဲကျင်းပမည့်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)
မေလ ၁၄ ရက်က လေယာဉ်ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်မှ ဦးစိုးမိုးကျော်အပါအဝင် သရုပ်ဆောင်နေမင်းနဲ့ သရုပ်ဆောင် စည်သူမောင်တို့က ဂုဏ်ပြုပွဲ ကျင်းပမည့်အကြောင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
မေလ ၁၉ ရက် ညနေ ပိုင်း Novotel ဟိုတယ်မှာ MNA လေကြောင်းလိုင်းတာဝန်ရှိသူတွေက လေယာဉ်မှူးနဲ့ အဖွဲ့ကို ဂုဏ်ပြုပွဲ ကျင်းပပေးမှာ ဖြစ်ပြီး အဆိုပါပွဲမှာ ပူးပေါင်းပါဝင်ဂုဏ်ပြုသွားမယ်လို့ လေကြောင်းခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်မှ CEO ဦးစိုးမိုးကျော်က Duwun ကိုပြောပါတယ်။
“ကိုယ့်အသက်တောင် ပဓာနမထားဘဲ သူ့မှာ တာဝန်အရှိဆုံးဆိုတဲ့ခံယူချက်နဲ့ အလုပ်ကို စေတနာရော၊ အနစ်နာရော၊ ဆုံးဖြတ်ချက်မှန်တဲ့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို အသက်သခင်ကျေးဇူးရှင်ဆိုပြီး ပြန်လည် ကျေးဇူးဆပ်ဂုဏ်ပြုချင်တာပါ။ ခရီးသည်တွေအားလုံးကို စုစည်းမယ်။ သူတို့ပါဝင်ချင်တယ်ဆိုရင် ပူးပေါင်းပါဝင်နိုင်ပါတယ်။ “ လို့ ဦးမြတ်မိုးကျော်က ဆိုပါတယ်။
MNA လေကြောင်းလိုင်းမှလည်း စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ခရီးသည်တွေအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုပွဲမှာ ပါဝင်စေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ သရုပ်ဆောင်နေမင်းကလည်း လေယာဉ်မှူး ဦးမြတ်မိုးအောင်ကို ကျေးဇူးတင်တဲ့အနေနဲ့ သူဆုရရှိခဲ့တဲ့ ရွှေတံဆိပ်ဆုကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
လေယာဉ်မှူးကြီး မြတ်မိုးအောင် Photo- Myat Moe Fb
မေလ ၁၂ ရက် မနက်ပိုင်းက ရန်ကုန်ကနေ မန္တလေးကို လာတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်ဟာ မန္တလေးလေဆိပ်မှာ ဆင်းသက်စဉ် ရှေ့ဘီးထုတ်မရတာကြောင့် လေယာဉ်မှူးရဲ့ ကြိုးစားမှုကြောင့် ခရီးသည်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်မှာ လေယာဉ်မှူးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးအပြင် ပြည်တွင်းခရီးသည် ၇၂ ဦး၊ နိုင်ငံခြားသားခရီးသည် ၈ ဦးလိုက်ပါစီးနင်းခဲ့တယ်လို့ သိရပါတယ်။