ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ 2019 SEA Games အတွက် စေလွှတ်ခဲ့တဲ့ မြန်မာ Esports အသင်းတွေ အားလုံးကတော့ စိတ်မကောင်းစွာနဲ့ပဲ အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ကြပါဘူး။
ဒီဇင်ဘာ ၅ ရက်နေ့မှာ အရင်ဦးဆုံးဆော့ကစားခဲ့တဲ့ မြန်မာ MLBB အသင်း အုပ်စုအဆင့်နဲ့သာ ကျေနပ်ရပြီးနောက်ပိုင်း ဒီဇင်ဘာ ၇ ရက်နေ့မှာဆော့ကစားခဲ့တဲ့ မြန်မာ AOV အသင်းနဲ့ မြန်မာ Dota 2 အသင်းတို့ကလည်း ရှေ့ဆင့်နောက်ဆင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာကြောင့် Esports ရွှေတံဆိပ်အိပ်မက်ဟာ ပျောက်ဆုံးလို့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
မြန်မာ AOV အသင်းက ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ အုပ်စု A မှာ အတူတူကျခဲ့ပါတယ်။ SEA Games ရဲ့စည်းမျဉ်းအတိုင်း Esports အုပ်စုပွဲစဉ်တွေကို တစ်ရက်တည်းနဲ့အပြီးကစားခဲ့ပြီး မြန်မာ AOV အသင်းဟာ ပွဲဦးထွက်ပွဲစဉ်မှာ ထိုင်းအသင်းကို 0-2 ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
နောက်တစ်ပွဲဖြစ်တဲ့ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာလည်း 0-2 နဲ့ပဲ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ရဖို့ သေချာသလောက်နီးပါးဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့ရတဲ့ ဗီယက်နမ်အသင်းနဲ့ပွဲစဉ်မှာလည်း 0-2 ရလဒ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲမရှိရလဒ်နဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။
တစ်ဖက်က မြန်မာ Dota 2 အသင်းကတော့ အိမ်ရှင်ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအိုအသင်းတို့နဲ့ အုပ်စု B မှာ ကျရောက်ခဲ့ပြီး BO2 ပွဲစဉ်တွေကိုဆော့ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ WESG SEA 2019 Finals မှာ Top 4 ဝင်ခဲ့တဲ့အထဲက ၃ သင်းတောင် ဒီအုပ်စုထဲမှာ ရှိနေတာဆိုတော့ တော်တော်လေးကျပ်တဲ့အုပ်စုလို့ ဆိုရမှာပါ။
ပထမဦးဆုံး ပွဲစဉ်ကတော့ အင်ဒိုနီးရှားအသင်းနဲ့ဖြစ်ပြီး 1:1 ရလဒ်နဲ့ သရေကျခဲ့တာကြောင့် ၁ မှတ်သာရရှိခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ လာအိုအသင်းကို 0:2 နဲ့ရှုံးနိမ်ခဲ့ပြီး အမှတ်မရရှိခဲ့ပါဘူး။ လာအိုကိုယ်စားပြုအဖြစ် လာရောက်ယှဉ်ပြိုင်တဲ့အသင်းဟာ လက်ရှိ ထိုင်း Dota 2 လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတဲ့ Aggressive Slayer ဆိုတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ WESG SEA Finals 2019 မှာတုန်းကလည်း စတုတ္ထရရှိခဲ့တဲ့အသင်းပဲဖြစ်ပါတယ်။
နောက်ဆုံးပွဲမှာတော့ အိမ်ရှင်ဖြစ်သလို လက်ရှိအရှေ့တောင်အာရှမှာ အကောင်းဆုံး Dota 2 အသင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်အသင်းနဲ့ယှဉ်ပြိုင်ဆော့ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပွဲရလဒ်တွေအရ ဒီပွဲနိုင်ရင်တောင် အုပ်စုတက်ဖို့ လမ်းမရှိတော့ပေမယ့် အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကို 1:1 ရလဒ်နဲ့ သရေကျအောင် ဆော့ကစားနိုင်ခဲ့ပါတယ်။
ဖိလစ်ပိုင်ကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်တဲ့အသင်းဟာ ပြီးခဲ့တဲ့ MDL Chengdu Major လို ပြိုင်ပွဲကြီးမျိုးကိုတောင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ Team Adroit ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာ Dota 2 အသင်းဟာ ၂ ပွဲသရေ တစ်ပွဲရှုံးရလဒ်နဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာသွားခဲ့ရပါတော့တယ်။
ရွှေတံဆိပ်မျှော်လင့်ချက်တွေ အမှန်တကယ်မဖြစ်လာတော့ပေမယ့် အားကစားပြိုင်ပွဲဖြစ်တဲ့အတွက် ယှဉ်ပြိုင်ခြင်းသည်သာအဓိက ဆိုတဲ့အတိုင်း ဒီလို SEA Games ပြိုင်ပွဲမျိုးမှာ ယှဉ်ပြိုင်ခွင့်ရတာကိုဂုဏ်ယူရမှာပါ။
သွားရောက်ယှဉ်ပြိုင်တဲ့ကစားသမားတွေဟာ လက်စွမ်းအားဖြင့် သူများထက်မနိမ့်ကျပေမယ့် နိုင်ငံတကာအတွေ့အကြုံပိုင်းမှာ အားနည်းတာကြောင့် အခုလိုရလဒ်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒီ SEA Games အတွေ့အကြုံက သူတို့အတွက် နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့အတွက် လှေကားထစ်တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။
Written by Myo Thant Kyaw