WESG ဆိုတာကတော့ Esports လောကမှာ ထူးထူးခြားခြား နိုင်ငံကိုယ်စားပြုအသင်းတွေ ပါဝင်ယှဉ်ပြိုင်ဖို့ ပြုလုပ်ထားတဲ့ လွတ်လပ်သောပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

  WESG ဆိုတာကတော့ Esports လောကမှာ ထူးထူးခြားခြား နိုင်ငံကိုယ်စားပြုအသင်းတွေ ပါဝင်ယှဉ်ပြိုင်ဖို့ ပြုလုပ်ထားတဲ့ လွတ်လပ်သောပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။


နှစ်စဉ်ကျင်းပလေ့ရှိတဲ့ World Electronic Sports Games ရဲ့ Southeast Asia ဒေသအတွက် ပြိုင်ပွဲကြီးဟာ သိပ်မကြာခင်မှာပဲ စတင်တော့မှာပါ။ အရှေ့တောင်အာရှဒေသအတွက် သီးသန့်ပြုလုပ်ပေးတဲ့ Esports ပြိုင်ပွဲကြီးဖြစ်ပြီး ဒီနှစ်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသတွင်းက အရှေ့တီမောနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံအားလုံးကို ကိုယ်စားပြုတဲ့ Esports အသင်းတွေပါဝင်တဲ့ ဒီပြိုင်ပွဲကြီးမှာတော့ စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁၀၅၀၀၀ ကိုချီးမြှင့်သွားမှာဖြစ်တဲ့အပြင် အနိုင်ရရှိသူတွေဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် WESG ကမ္ဘာ့အဆင့်ပြိုင်ပွဲကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။



         WESG SEA 2019 Finals ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲအမျိုးအစား ၄ မျိုးခွဲထားမှာဖြစ်ပြီး အဲဒါတွေကတော့ Dota2, Starcraft II, Counter Strike: Global Offensive (Male) နဲ့ Counter Strike: Global Offensive ( Female) တို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ပြိုင်ပွဲအမျိုးအစား ၄ မျိုးစလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး Dota2 အတွက် Team Cyanide, CS:GO(Male) အတွက် Team Impunity, CS:GO(Female) အတွက် Wonder Girls, Starcraft II အတွက် Pegasus တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

         မနှစ်က WESG SEA Finals ရဲ့ Dota2 ပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု Team Veteran (ယခု Team Cyanide) က အရှေ့တောင်အာရှအသင်းပေါင်းစုံကြားထဲမှာ တတိယနေရာအထိ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အရင်နှစ်ပြိုင်ပွဲရဲ့ဒုတိယနေရာက မလေးရှားကိုယ်စားပြု WG Unity အသင်းကတော့ ဒီနှစ်မှာပါဝင်လာခြင်းမရှိပေမယ့် လက်ရှိအရှေ့တောင်အာရှမှာ အကောင်းဆုံးအသင်းဖြစ်သလို မနှစ်က WESG ရဲ့ချန်ပီယံဖြစ်တဲ့ ဖိလစ်ပိုင်ကိုယ်စားပြု TNC အသင်းကတော့ ပါဝင်လာဦးမှာပါ။ TNC အသင်းဟာ လောလောလတ်လတ်ပဲ ESL One Hamburg လို အင်တာနေရှင်နယ်အသင်းတွေပါဝင်တဲ့ ပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်ထားတာကြောင့် သူတို့လက်စွမ်းနဲ့ အသင်းဖွဲ့စည်းမှုပုံစံဟာ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ဆိုရမှာပါ။

         WESG SEA 2019 Finals ကို အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ ၄ ရက်တိုင်တိုင်ကျင်းပသွားမှာပါ။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား နဲ့ စင်ကာပူနိုင်ငံတို့က Esports ပိုင်းမှာတော်တော်လေး အားကောင်းပါတယ်။ မြန်မာကိုယ်စားပြုအသင်းတွေအနေနဲ့ ဒီနိုင်ငံကအသင်းတွေကို သတိထားပြီး ကစားရပါလိမ့်မယ်။ အဲဒီအသင်းတွေကို နိုင်ခဲ့ရင်တော့ နေရာကောင်းတစ်နေရာရဖို့ မခက်ခဲတော့ပါဘူး။ မြန်မာကိုယ်စားပြုအသင်းတွေအားလုံး WESG ပြိုင်ပွဲမှာ နိုင်ပွဲတွေရပြီး နိုင်ငံဂုဏ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က