ဒါရိုက်တာစင်ရော်မောင်မောင်က ‘’တစ်ခါကဆောင်း’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားမှာ မြန်မာလူမျိုး အဓိက သရုပ်ဆောင်တွေနဲ့ အတူ နောက်ထပ် ပါဝင်သရုပ်ဆောင်သွားမယ့် တောင်ကိုရီးယားလူမျိုး အဓိက သရုပ်ဆောင်တွေကို ရွေးချယ်နေပြီလို့ ဆိုပါတယ်။
Photo: စင်ရော်မောင်မောင်
ဒါရိုက်တာစင်ရော်မောင်မောင်ဟာ ‘’တစ်ခါက ဆောင်း’’ ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယား အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
‘’Big 5 ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်ပြီး ဝတ္ထု ဇာတ်ညွှန်း မိုးနီလွင် ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော် မောင်မောင် ခံစားတင်ပြမည့် ''တစ်ခါက ဆောင်း" international ဇာတ်ကားကြီးအတွက် သရုပ်ဆောင်ရန် အဓိကသရုပ်ဆောင် ကိုရီးယားဇာတ်ရုပ်ဖက်မှ သရုပ်ဆောင်ရန်အတွက် မင်းသား မင်းသမီးကို အကြမ်းဖျင်း ကိုရီးယားနိုင်ငံ ဖူဆန်မြို့နှင့် ဆိုးလ်မြို့ တွင် ရွေးချယ်ရန်ရှိပါသည်’’လို့ သူကဆိုပါတယ်။
Photo: စင်ရော်မောင်မောင်
ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ အတူ ဇာတ်ညွှန်းရေးဆရာ မိုးနီလွင်တို့က တောင်ကိုရီးယားကိုသွားပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ တောင်ကိုရီးယားလူမျိုး အဓိက သရုပ်ဆောင် ၂ ဦးကို ရွေးချယ်သွားမယ်လို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
‘’ January (25) ရက်နေ့တွင် ဒါရိုက်တာစင်ရော်မောင်မောင် နှင့်အတူ မိုးနီလွင် တို့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်ပြီး korea မှတာဝန်ရှိသူများ ရှေ့ တွင် ပဏာမ ရွေးချယ်ထားသော အဓိက သရုပ်ဆောင် အမျိုးသား(50)၊ အမျိုးသမီး 50 မှ အဓိက ကျား ၁ ဦး၊ မ ၁ ဦး ကို ရွေး ချယ် မည် ဖြစ်ပါသည် ပူးတွဲပါ file ကို ကြည့်ရှုနိုင်ပါသည်’’ လို့ ဆိုပါတယ်။
Photo: စင်ရော်မောင်မောင်
ေတာင်ကိုရီးယားလူမျိုး အဓိက သရုပ်ဆောင်တွေ ရွေးချယ်ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှ အဓိက သရုပ်ဆောင်တွေနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးသွားမယ်လို့ သူကဆိုပါတယ်။
‘’မကြာမီ မြန်မာနိုင်ငံမှ အဓိကသရုပ်ဆောင် မင်းသား၊ မင်းသမီးနဲ့အတူ ကိုရီးယားနိုင်ငံမှ အဓိကသရုပ်ဆောင် မင်းသား၊ မင်းသမီးတို့ ပူးပေါင်းပြီး နှစ်နိုင်ငံ ပေါင်းစပ်ရိုက်ကူးထားသော "တစ်ခါက ဆောင်း" ဇာတ်ကားကို စတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ချစ်ခင်လေးစားလျက်။ စင်ရော်မောင်မောင်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။
Photo: စင်ရော်မောင်မောင်
ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူဖြစ်ပါတယ်။
ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်က"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိ
ခဲ့ပါတယ်။
ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင်ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။